Thursday 12 June 2014

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ပဉ္စမအကြိမ် ဗဟိုဦးစီးကော်မတီ ညီလာခံ မန္တလေးမြို့၌ ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ပဉ္စမအကြိမ် ဗဟိုဦးစီးကော်မတီ ညီလာခံကို မန္တလေးမြို့ ၁၅ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ နိုင်လွန်ခန်းမ၌ ဇွန် ၁၄ ရက်မှ ၁၅ ရက်ထိ နှစ်ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

အဆိုပါညီလာခံ၌ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ နိုင်ငံရေး အပြောင်းအလဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ပါတီနာယကအဖွဲ့ ဖွဲ့စည်းရန် အဆိုပြုဆွေးနွေးခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပါတီခေါင်းဆောင်နေရာ လစ်လပ်သွားတော့ ပါတီခေါင်းဆောင်နေရာတော့ ထပ်ပြီးတော့ အစားထိုး ရမှာပေါ့။ ဒီဟာကို အစားထိုးဖို့အတွက် အဆိုပြုတာတို့ အကြံဉာဏ်ပြုတာတို့ ရှိမယ်။ နောက်ပြီးတော့ ပါတီနာယကအဖွဲ့ ဖွဲ့ဖို့ရှိပါတယ်။ နာယကအဖွဲ့ဆိုတာ အသက်ကြီးသွားတဲ့ ပုဂ္ဂိုလ်များ ပါတီမှာဆက်ပြီးတော့ ဘာခေါ်မလဲ ပါတီကို အကြံပေးနိုင်အောင် ပါတီကို နေ့စဉ်လုပ်ငန်းတွေ မလုပ်နိုင်တောင်မှ မူပိုင်းဆိုင်ရာတို့ ပါတီစည်းလုံးညီညွတ်ရေးတို့ ဒါမျိုးတွေ ကိုင်တွယ်ပြီးတော့ ဆောင်ရွက်နိုင်အောင် နာယကအဖွဲ့ တစ်ဖွဲ့လည်း ရှိလိမ့်မယ်။ ရှိဖို့ အဆိုပြုချက်တော့ ရှိတယ်။ အတည်တော့ မဖြစ်သေးဘူးပေါ့။ အတည်ဖြစ်မဖြစ်ကို ပွဲမှာဆုံးဖြတ်မှာပေါ့” ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။

ယခင်က အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ ဗဟိုဦးစီးကော်မတီ ညီလာခံအားလုံးကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ မန္တလေးမြို့တွင် ပြုလုပ်ရန် စီစဉ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment