Thursday 12 June 2014

အမျိုးသားလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရန်အဆို အတည်ဖြစ်ခဲ့သည့်အတွက် ကော်မရှင်ဖွဲ့စည်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ဒေါ်ခင်ဝိုင်းကြည် တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရန် အဆိုအတည်ဖြစ်ပြီးနောက် ကော်မရှင်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းကော်မရှင် အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က ဇွန် ၁၁ ရက်၌ ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ယခုကဲ့သို့ မတ်တတ်ရပ်ဆန္ဒပြုခြင်းသည် တရားမမျှတ စရာမရှိကြောင်း၊ စနစ်နှစ်ခုရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကိုပဲ ဆွေးနွေးကြကြောင်း၊ ရွေးကောက်ပွဲစနစ်များ ရေးဆွဲခြင်းဆိုသည်ကိုရောက်အောင် အားသာချက်များကို မည်ကဲ့သို့ ဖော်ဆောင်မည်၊ အားနည်းချက်များ ကို  မည်ကဲ့သို့ ထိန်းချုပ်မည်ဆိုသည်ကို စနစ်တကျ ထိန်းကွပ်မှု မည်သူမျှမရှိသေးကြောင်း၊ ထို့အတွက် ကော်မရှင်တစ်ရပ်ဖွဲ့ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်တွင် ငြင်းကြခုံကြဦးမည် ဖြစ်ကြောင်း ပြောကြားသည်။

၎င်းကပင် ကော်မရှင်ရဲ့ အစီရင်ခံစာတင်ပြီး မည်သည့်နည်းဖြင့် လုပ်သင့်သည်ကို ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်ပင်ပြီး လုပ်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်တွင် လွှတ်တော်အခွင့်အရေးကော်မတီဝင်များ၊ ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်မှ ဥက္ကဌ နှင့် ဥပဒေပညာရှင်များစုပေါင်းပြီး တွေ့ရှိသည့်အဖြေကို အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အမျိုးသားလွှတ်တော်အတွက်  အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးရန် အဆိုအား ဇွန် ၁၁  
ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မတ်တတ်ရပ်၍ ဆန္ဒရယူရာတွင် တပ်မတော် သားကိုယ်စားလှယ်များ အားလုံး၊ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် များနှင့် NLD ပါတီမှ ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုများဖြင့် အဆိုအတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က “ပီအာရ်စနစ်က အခက်အခဲတွေ အများကြီးရှိ ပါတယ်။ ဒီနေ့ တိုင်းပြည်ရဲ့ အနေအထားနဲ့ အဆင်သင့် မဖြစ်သေးပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေဟာ ကိုယ့်ဇာတိမြေကို ကိုယ်စားပြုတဲ့သူပဲ ဖြစ်စေချင်ကြတာပါ။ အခုအချိန်က အရေးကြီးတဲ့ အချိန်ရောက်နေပါပြီ။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်၊ ပြည်တွင်းငြိမ်းချမ်းရေးတွေ အတွက်ပေါ့။ ပီအာစနစ်ကြောင့် အစွန်းရောက်အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့တွေ လွှတ်တော်ထဲကို ရောက်လာနိုင်ပါတယ်။ လက်ရှိပကတိအနေအထားအရ ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ရပါဦးမယ်။ ဒါကြောင့် ဒီနေ့ဒီအချိန်မှာ ကျင့်သုံးရန် မသင့်တော်သေးပါဘူး” ဟု ကန့်ကွက် ဆွေးနွေးခဲ့သည်။   

အမျိုးသားလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရန်အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူဦးရေ ၁၁၇ ဦး၊ ကန့်ကွက်သူ ၈၅ ဦးသာရှိသည့်အတွက် အဆိုအား အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment