Sunday 8 June 2014

မြန်မာနိုင်ငံအတွက် စီးပွားရေးလမ်းပြမြေပုံ

အမေရိကန်နိုင်ငံက ကမ္ဘာမှာစစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ပြီး သူ့ရှေ့မှာ ဂရိတ်ဗြိတိန်၊ စပိန်နဲ့ နယ်သာလန်နိုင်ငံတွေက ဦးဆောင်ခဲ့ကြပြီး သူ့ထက်စောတာက ရောမအင်ပါယာ ဖြစ်ခဲ့တယ်။ ခေတ်ရေစီးကြောင်း သမိုင်းကို လေ့လာကြည့်ရင် အရာရာတိုင်းက နံပါတ် ၁ တစ်နေရာမှာ အမြဲထာဝရ တည်တံ့နိုင်မှု မရှိတာကို မြင်တွေ့ကြရမှာ ဖြစ်တယ်။

လူတွေရဲ့ဘ၀မှာ ပုံသေပြောင်းလဲမှုတစ်ခုကို လက်ခံကြရတာ ဖြစ်တယ်။ လူတွေမှာ မွေးဖွားလာမှု၊ ကြီးထွားလာမှုနဲ့ သေမှုတွေကို မရှောင်လွှဲနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအဖြစ် ကြုံတွေ့နေကြရတယ်။ လူတစ်ဦးချင်းစီရဲ့ ဘ၀နေမှု စတိုင်တွေကလည်း အုပ်ချုပ်သူ အစိုးရတွေရဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်မှုအပေါ် မူတည်ပြီး အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။

စာရေးသူတို့ မြန်မာနိုင်ငံ အာဏာရှင် ပုဂ္ဂိုလ်နှစ်ဦးရဲ့ နှစ်ပေါင်း ၅၀ ကြာ လွဲမှားတဲ့ အုပ်ချုပ်မှု (Mis-Management) အောက်မှာ နိုင်ငံရော၊ နိုင်ငံသားတွေပါ နိုင်ငံရဲ့ အရည်အသွေးနဲ့ နိုင်ငံသားတွေရဲ့ ဘ၀အရည်အသွေးတွေ နာလန်မထူနိုင်အောင် ကျဆင်းလာခဲ့တယ်။ ဒီမိုကရေစီအစိုးရ အနေနဲ့ တက်လာတဲ့ အစိုးရအဖွဲ့ရဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီးက ကောင်းမွန်တဲ့ အုပ်ချုပ်စီမံခန့်ခွဲမှု (Good Governance)၊ နိုင်ငံတကာမှာ သုံးနေကျဖြစ်တဲ့ ကောင်းမွန်သောအစိုးရ (Good Government) ကို သန့်ရှင်းသောအစိုးရ (Clean Government) လို့ ထပ်ဆင့်ကွန့်လိုက်တာကြောင့် အကျင့်ပျက်ခြစားမှုကင်းပတဲ့ အစိုးရတော့ ပေါ်ထွန်းလာပြီး နိုင်ငံနဲ့ နိုင်ငံသား အရည်အသွေးတွေ တက်လာတော့မယ်လို့ မျှော်ကိုးပြီး ၀မ်းပန်းတသာ ဖြစ်မိခဲ့တယ်။ သို့ပေမဲ့ မကြာမီကပဲ နိုင်ငံတော်သမ္မတကြီးကနေ သုံးသိန်းနဲ့အောက်ဆိုရင် လာဘ်ငွေအဖြစ် လက်ခံနိုင်တယ် ဆိုလိုက်တော့ နိုင်ငံတော်သမ္မတကြီး မြွက်ဟထားတဲ့ သန့်ရှင်းသောအစိုးရဆိုတာ ပျောက်သွားစေတော့တာ ဖြစ်တယ်။

စကားပြောမှားသွားရင် မှားသွားတဲ့အကြောင်း ၀န်ခံပြီး ရဲရဲဝံ့ဝံ့ သန့်ရှင်းသော အစိုးရဖြစ်အောင် လုပ်ဆောင်လိုက်ပါ။ မှားတာကို ၀န်ခံလိုက်ရင် နိုင်ငံသားတွေက ခွင့်လွှတ်ကြမှာပါ။ မှားတာကို မှားတဲ့အကြောင်း ၀န်ခံလိုက်တာက ခေါင်းဆောင်ကောင်း၊ စီမံခန့်ခွဲမှုကောင်း သမားတွေရဲ့ ကျင့်ဝတ်ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး စာရေးသူရဲ့ သင်တန်းတွေမှာ အမြဲပြောနေကျ လူတွေမှာ ဆက်သွယ်မှုတွေ ကောင်းမွန်စေမယ့် လုပ်ဆောင်ချက်ခြောက်ခုနဲ့ ရှောင်ကြည်ရမယ့် အချက်တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အမှားကိုဝန်ခံပါ
ကျွန်တော်ဝန်ခံပါတယ်၊ ကျွန်တော်လုပ်တာ မှားသွားပါတယ်၊ ကျွန်တော်ပြောတာ မှားသွားပါတယ် ဆိုတာမျိုး အင်္ဂလိပ်လိုတော့ “I admit I make a mistake.” ဖြစ်ပါတယ်။

(၂) ချီးကျူးထောမနာပြုပေးပါ
ခင်ဗျားလုပ်ဆောင်ချက် ကောင်းပါတယ်။ အင်္ဂလိပ်လိုကတော့ “You did a good job.” ဖြစ်ပါတယ်။

(၃) အကြံဉာဏ်တောင်းခံပါ
ခင်ဗျားရဲ့ ထင်မြင်ယူဆချက်က ဘယ်လိုပါလဲဆိုတာ ဖြစ်တယ်။ အင်္ဂလိပ်လိုကတော့ “What is your opinion.” ဖြစ်ပါတယ်။

(၄) အတူတကွ အလုပ်လုပ်ရန် ဖိတ်ခေါ်ပါ
အတူတကွ အလုပ်လုပ်ကြရအောင် ဆိုတာဖြစ်တယ်။ အင်္ဂလိပ်လိုကတော့ “Let work together.” ဖြစ်ပါတယ်။

(၅) ကျေးဇူးတင်စကားဆိုပါ
ကျေးဇူးတင်ပါတယ်ဆိုတာ အမြဲပြောပါ။ အင်္ဂလိပ်လိုကတော့ “Thank you.” ဆိုတာဖြစ်တယ်။

(၆) ကျွန်တော်တို့  
ကျွန်တော်တို့ဆိုတဲ့ စကားလုံးကို စကားပြောရာမှာ အသုံးပြုပါ။ အင်္ဂလိပ်လိုကတော့ “We” ဆိုတာကို အသုံးပြုတတ်ဖို့ပါ။

လူတစ်ဦးချင်းစီရဲ့ ဘ၀နေမှု စတိုင်တွေကလည်း အုပ်ချုပ်သူ အစိုးရတွေရဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်မှုအပေါ် မူတည်ပြီး အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ် . . . . .
လူတွေမှာ မိမိအပြောနဲ့ လုပ်ဆောင်ချက်တွေ မှားသွားရင် ၀န်ခံပြောဆိုတတ်ခြင်း မရှိတာက မိမိကိုယ်မိမိ အောက်ခြေလွတ်တဲ့ အခြေအနေကို ပြဆိုတာဖြစ်တယ်။ အောက်ခြေလွတ်တာကို အင်္ဂလိပ်လို Arrogance လို့ခေါ်ပါတယ်။ စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်ရင် အမှားဖြစ်တတ်ကြတယ်။ မိမိနဲ့အတူ အလုပ်လုပ်သူရဲ့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ချီးကျူးထောမနာ ပြုပေးတာကလည်း အတူလုပ်ဆောင်သူ အချင်းချင်း ရေရှည်လက်တွဲမှု ကောင်းမွန်စေတာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အကြံပေးလို့ဆိုတဲ့ Advisor တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်။ ဒီမိုကရေစီခေတ်မှာ အကြံပေးတွေ များလာတယ်။

နောက်တစ်ခုက ပူးပေါင်းလုပ်ဆောင်မှု ဖြစ်ပါတယ်။ “Nobody is perfect.” ဆိုတာ ရှိတယ်။ ဘယ်သူကမှ ရာနှုန်းပြည့်တော်သူ၊ တတ်သူတွေ မရှိဘူးဆိုတာ ဖြစ်တယ်။ သို့ပေမဲ့ ဒီကနေ့ခေတ်မှာ ၁+၁=၁၀ ခေတ်ကို ရောက်လာနေပြီမို့ ပေါင်းစည်းအားနဲ့ တိုးတက်အောင် လုပ်ဆောင်ကြရမှာ ဖြစ်တယ်။ စာရေးသူတို့ မြန်မာစကားမှာ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုတာ ရှိပြီးဖြစ်ပါတယ်။

နောက်တစ်ချက်က လုပ်ဆောင်ချက်တစ်ခု ပြီးမြောက်သွားတိုင်း ကျေးဇူးတင်စကား ဆိုတတ်ဖို့ ဖြစ်တယ်။ စာရေးသူတို့က ကျေးဇူးတင်ပါတယ်ပြောဖို့ ၀န်လေးနေတတ်ကြတယ်။ နိုင်ငံခြားသားတွေဆိုရင် လုပ်ဆောင်ချက်တစ်ခု ပြီးမြောက်သွားတိုင်း “Thank you” ဆိုတာ အမြဲသုံးလေ့ရှိတာကို သတိထားမိကြမှာ ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ပြောဆိုကြရာမှာ ကျွန်တော်တို့ဆိုတာကို သုံးနေတတ်စေဖို့ ဖြစ်တယ်။

မိမိနဲ့ ဆက်သွယ်ပြောဆိုနေသူကို ကျွန်တော်တို့လို့ ပြောတာက အပြန်အလှန်လေးစားရာ ရောက်စေပါတယ်။ စာရေးသူဆိုရင် သင်တန်းသားတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ဘယ်သောအခါမှ ငါဆိုတာမျိုး မသုံးခဲ့ပါ။ မိမိကိုယ်မိမိ ဆရာလို့ တပ်ပြီးပြောလေ့ မရှိပါ။ ထိုသို့မဟုတ် ကျွန်တော်တို့လို့သာ သုံးတတ်ပါတယ်။

စာရေးသူတို့ မြန်မာစကားမှာ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတာ ရှိပါတယ်။ အားလုံးက လူသားတွေဖြစ်လို့ လူသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတတ်ကြရင် ဒီဆက်သွယ်မှုကောင်း စကားလုံးတွေက စီးပွားရေးမှာ လမ်းပြမြေပုံအဖြစ် အသုံးပြုတတ်ကြမယ်ဆိုရင် အောင်မြင်မှုရနိုင်ကြမှာဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

Eleven Media Group 

No comments:

Post a Comment