Sunday 8 June 2014

နိုင်ငံခြားဘဏ်များ လုပ်ငန်းလိုင်စင် ထုတ်ပေးပြီး တစ်နှစ်အကြာမှ စတင်လည်ပတ်ရမည်

ပြည်တွင်းတွင် ဘဏ်ခွဲဖွင့်လှစ် လုပ်ကိုင်မည့် နိုင်ငံခြားဘဏ်များ လုပ်ငန်းလိုင်စင် ထုတ်ပေးပြီး တစ်နှစ် အကြာမှ လုပ်ငန်း စတင် လည်ပတ်ရမည် ဖြစ်ကြောင်း နိုင်ငံခြားဘဏ် ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်မေတိုးဝင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားကုမ္ပဏီများကို ငွေချေးခြင်း ပြုလုပ်နိုင်မည့် ဘဏ်ခွဲ ဖွင့်လှစ်ရန် လျှောက်ထားလွှာများကို ဇူလိုင် ခြောက်ရက်နေ့တွင် စိစစ်မည် ဖြစ်ပြီး လုပ်ငန်းလိုင်စင် ငါးခုမှ ၁၀ ခုထိ ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ စုံစမ်းသိရှိရသည်။ 

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘဏ်စနစ်များ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံခြားဘဏ်များကို ဝင်ရောက် လုပ်ကိုင်ခွင့် ပြုရမည် ဖြစ်သော်လည်း ဘဏ်လုပ်ငန်းများ အပြည့်အဝ လုပ်ကိုင်ခွင့် မပေးသင့်သေးကြောင်း နှင့် မည်သို့မည်ပုံ လုပ်ကိုင်ခွင့် ပေးမည်ကို ပြည်တွင်းဘဏ်များကို ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။ 

“လုပ်ခွင့်ပေးရမယ်။ ဒါပေမဲ့ ခွင့်ပြုပေးဖို့ အချိန်စောနေသေးတယ်။ ပြည်တွင်းဘဏ်တွေက နိုင်ငံတကာ ဘဏ် လုပ်ငန်းတွေလုပ်ခွင့်ရတာ ၂ နှစ် မပြည့်သေးတော့ မယှဉ်ပြိုင်နိုင်ဘူး” ဟု မြန်မာနိုင်ငံ ဘဏ်များ အသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဆိုသည်။ 

လတ်တလောတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်သိမ်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ သုံးဦး ပါဝင်သော နိုင်ငံခြားဘဏ် ရွေးချယ်ရေးအဖွဲ့ကို မေလ ၁၂ ရက်တွင် ဖွဲ့စည်း ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ကြေညာချက်အရ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment