Sunday 8 June 2014

ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များ ပိုမိုများပြားလာခြင်းနှင့် စည်းကမ်း ပျက်ယာဉ်များကြောင့် ကျောင်းတက်၊ ကျောင်းဆင်းချိန်များ၌ ယာဉ်ကြော ပိတ်ဆို့နေရသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်များ နှစ်စဉ်တိုးတက်လာမှုနှင့် စည်းကမ်းပျက်ယာဉ်များ များပြားလာမှုကြောင့် ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးမှုမှာ အခြားအချိန်ထက် ပိုမိုကျပ်တည်းလျက်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၇ရက် ညနေပိုင်းတွင် စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့အတွင်းရှိ ကျောင်းတက်၊ ကျောင်းဆင်းအချိန်များတွင် ယာဉ်ကြော ပိုမိုပိတ်ဆို့မှုဖြစ်ပွားနေသည့် နေရာများ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တာဝန်ချထားပေးသော်လည်း အမြန်ဆုံးဖြေရှင်းရန် အခက်အခဲများ ရှိနေ ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောကြားခဲ့သည်။

“ရှိတဲ့ တပ်ဖွဲ့ဝင်အင်အားနဲ့ တော်တော်လေးစဉ်းစားပြီးတော့ ဒီ ကျောင်းတက်၊ ကျောင်းဆင်းအချိန်တွေမှာ ကျောင်းတစ်ကျောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အများဆုံး လေးယောက်အထိတာဝန်ပေးထားပြီးတော့ ယာဉ်ကြောတွေ ရှင်းပေးတယ်။ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေတယ်။ ဒါပေမဲ့ အကုန်လုံး မဖြေရှင်းနိုင်ဘူး။ ရန်ကုန်မြို့မှာရှိတဲ့ လမ်းရဲ့အခြေအနေတွေ၊ ကားအစီးရေတွေ လစဉ်တိုးလာတယ်။ နောင်လည်း တိုးဦးမယ်။ စည်းကမ်းပျက်ယာဉ်တွေ များလာတယ်။ ဒါ့အပြင် ကျောင်းတွေမှာ ကျောင်းကားတွေအတွက် ကားပါကင်တွေ မရှိဘူး။ ဒါတွေကို အတတ်နိုင်ဆုံး အားလုံးပူးပေါင်းဆောင်ရွက်မှ အဆင်ပြေမှာပါ”ဟု ဒုတိယရဲမှူးကြီးလင်းထွဋ် က ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေမှုကြောင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကားပိတ်ဆို့မှုဖြစ်ပွားသည့် လမ်းကြောင်းအား အလိုအလျောက်လမ်းရှင်းပေးခြင်းနှင့် ပလက်ဖောင်းများကို လူသွားလာနိုင်သည့်ပေအထိ ထားရှိပြီး ကားပါကင်များပြုလုပ်ပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အောင်မြင်အောင်မရှင်းနိုင်ကြောင်း တွေ့ရှိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့်  ယင်းကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလာပါက လမ်းကြောင်းရှင်းပေးရန် ယာဉ်ကြောရှင်းလင်းရေးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းထားပြီး ဇွန် ၁ ရက်မှစတင်ကာ ဆောင်ရွက်ပေးနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ထွေးက ပြောကြားခဲ့သည်။

“ကျွန်တော် ဇွန် ၆ ရက်က အလုပ်ကိစ္စနဲ့မြို့ထဲသွားတာ အ.ထ.က(၁) ဒဂုံ ကျောင်းဆင်းချိန်နဲ့ သွားတိုးပါတယ်။ ဦးထောင်ဘိုအဝိုင်းကနေ လပြည့်ဝန်းပလာဇာအထိ ယာဉ်ကြောတွေ တောက်လျှောက် ပိတ်ဆို့နေတယ်။ ဦးထောင်ဘိုအဝိုင်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦး လမ်းကြောင်းရှင်းပေမယ့် ကားတွေက ကျပ်မြဲအတိုင်းကျပ်နေပါတယ်” ဟု ကိုယ်တွေ့ကြုံတွေ့သူ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ လမ်းပြောင်းပြန်မောင်းနှင်မှု၊ လိုင်စင်မပါဘဲ မောင်းနှင်မှုအပါအဝင် စည်းကမ်းမဲ့ယာဉ်အစီးရေ ၁၆ဝဝ ကျော်ကို ယခု မေလ ပထမလေးရက်အတွင်း ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးကျော်ထွေးထံမှ စုံစမ်းသိရှိရသည်။          

Eleven Media Group  

No comments:

Post a Comment