Sunday 8 June 2014

Miss Golden Land Myanmar 2014 အတွက် ဆန်ခါတင် အလှမယ်၂၆ ဦး မီဒီယာများရှေ့တွင် လက်မှတ်ရေးထိုး

Miss Golden Land Myanmar 2014 ပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲ အတွက် ဆန်ခါတင် ၂၆ဦးကို ရွေးချယ်ခဲ့ပြီး ၎င်း ရွေးချယ်ခံရသည့် ဆန်ခါတင် ၂၆ဦးသည် Miss Golden Land Myanmar Organization မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ပက်သက်ပြီး မီဒီယာများရှေ့တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည်။

 Miss Golden Land Myanmar 2014 ပြိုင်ပွဲအတွက် နောက်ဆုံး အရည်အချင်း စမ်းသပ်ရွေးချယ်ခြင်းကို ဇွန်လ ၇ရက် မွန်းလွဲ ၃နာရီခွဲတွင် ပြည်လမ်းရှိ Taw Win Garden Hotel ၌ကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲဝင်တွင် ရေကူးဝတ်စုံ နှင့် အလှည့်ကျ အင်တာဗျူးများကို တလှည့်စီ ယှဉ်ပြိုင်ခဲ့ကြသည်။

အမှတ်ပေးကြသည့် အကဲဖြတ်ဒိုင်များသည် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်စဉ်တွင် ခန္ဓာကိုယ်အချိုးအစား၊ အသားအရေ၊ ကိုယ်နေဟန်ထားတို့ကိုကြည့်ကာ အကဲဖြတ် အမှတ်ပေးကြပြီး အင်တာဗျူး မေးမြန်းမှု အစီအစဉ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် ပရဟိတ၊ ပညာရေး၊ စာပေ၊ အနုပညာ၊ လူ့ အခွင့်အရေး၊ အားကစား၊ခရီးသွားနှင့် အထွေထွေဗဟုသုတ ဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ကြသည်။

"လာလျှောက်တဲ့ အလှမယ် အယောက်၅ဝ ထဲကနေ ရွေးချယ်လိုက်တာပါ။ ဆန်ခါတင် ၂၆ယောက်ကို တစ်လ သင်တန်း ပေးမယ်။ သူတို့ ၂၆ယောက်လုံးက ဖိုင်နယ်ပွဲကို တက်ရောက်ခွင့် ရသွားကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ရွေးတဲ့ အထဲမှာ မျက်နှာသစ် တွေ ပိုများတယ်" ဟုMiss Golden Land Myanmar Organization မှ National Director ကိုဝေယံအောင်က ပြောသည်။

ဆန်ခါတင် ရွေးချယ် လိုက်သည့် အလှမယ် ၂၆ ဦးသည် Miss Golden Land Myanmar 2014 က သတ်မှတ်သည့် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ရမည် ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်း ခံရသူသည် ဆုချီးမြှင့်သည့်အချိန်မှ စကာ Organization မှ လမ်းညွှန်ပေးသည့် ပရဟိတလုပ်ငန်း ၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ထမ်းဆောင်ရမည့် စာချုပ်တစ်စောင် ထပ်မံ ချုပ်ဆိုရမည် ဖြစ်သည်။

ဇကာတင် ရွေးချယ် လိုက်သည့်  အလှမယ် ၂၆ ဦးအား တစ်လကျော်ကြာ စခန်းသွင်း လေ့ကျင့် ပြင်ဆင် ပေးမည်ဖြစ်ပြီး အလှမယ်တစ်ဦးစီအတွက် လိုအပ်သည့် အရည်အချင်းများကို  ဖိလစ်ပိုင်နိုင်ငံမှ ပညာရှင်များက လာရောက် သင်ကြားပေးမည် ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment