Tuesday 3 September 2013

ဧရာဝတီတိုင်း ဒေသကြီးအတွင်း လူတစ်ဦး၏ နေ့စဉ်ပျမ်းမျှ ၀င်ငွေမှာ ကျပ် ၂၀၀၀ သာရှိပြီး ဟင်္သာတခရိုင်မှာ အနည်းဆုံးဖြစ်

 ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လူတစ်ဦးလျှင် နေ့စဉ်ပျမ်းမျှ ၀င်ငွေမှာ ကျပ် ၂၀၀၀ သာရှိပြီး ဟင်္သာတခရိုင်မှာ လူတစ်ဦး ပျမ်းမျှနေ့စဉ်ဝင်ငွေ အနည်းဆုံး ဖြစ်နေကြောင်း ထုတ်ပြန်ချက်များအရ သိရ သည်။


ဝင်ငွေအနည်းပါးဆုံး ခရိုင်ဖြစ်သည့် ဟင်္သာတခရိုင်ရှိ လူတစ်ဦး နေ့စဉ်ပျမ်းမျှ ၀င်ငွေမှာ ၁၁၇၇ ကျပ် ဖြစ်ကြောင်း၊ ပုသိမ်ခရိုင်မှာ နေ့စဉ်လူတစ်ဦး ၀င်ငွေကျပ် ၄၀၈၅ ဖြစ်သည်။ မြောင်းမြခရိုင်တွင် လူတစ်ဦး နေ့စဉ်ပျမ်းမျှ ၀င်ငွေ ၁၅၆၉ ကျပ်၊ လပွတ္တာ ခရိုင်တွင် ကျပ် ၁၅၀၀ ကျော်၊ ဖျာပုံခရိုင်တွင် ၂၀၃၅ ကျပ်၊ မအူပင် ခရိုင်တွင် ၁၉၇၃ ကျပ် လူတစ်ဦး နေ့စဉ်ပျမ်းမျှ ၀င်ငွေရရှိကြောင်း ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၏ ရှင်းလင်းချက်အရ သိရသည်။
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာရေး တစ်ဦးချင်းဝင်ငွေ တိုးမြင့်လာစေရေးအတွက် ထုတ်ကုန်များ နှစ်ဆတိုးမြှင့်ခြင်းများ ပြုလုပ်ကြရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး အတွင်းတွင် ထုတ်ကုန်၏ ၁၄ ရာခိုင်နှုန်းသာ တင်ပို့နိုင်သေးပြီး ၈၅ ရာခိုင်နှုန်းခန့်မှာ ဒေသတွင်းတွင် အသုံးပြုလျက် ရှိကြောင်း၊ မိမိသက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသတွင်း အားသာချက်များကို ရှာဖွေကာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေရှည်မြို့ပြ စီမံကိန်းများ ရေးဆွဲသွားရမည် ဖြစ်ကြောင်း၊ ပုသိမ်-ရန်ကုန်-မြ၀တီ-မဲဆောက် ဆက်သွယ်ရေး ကုန်စည်ကူးသန်းမှုဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ၀န်ကြီးဦးတင်နိုင်သိန်းက အကြံပေး ပြောကြားခဲ့သည်။
စီးပွားရေး ပညာရှင် တစ်ဦးက ''အခု အစိုးရက ဗဟိုချုပ်ကိုင်မှုကို လျော့ချပြီး အောက်ခြေ အဆင့်ဆင့်က တင်ပြတဲ့ လိုအပ်ချက်နဲ့ ဒေသတွင်း အားသာချက်တွေကို ညှိနှိုင်းပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မယ်လို့ ဆိုတယ်။ အရင်က ပေါ်လစီအရ အကောင်အထည် ဖော်လိုက်တဲ့ တိုင်းထဲက မှန်စက်ရုံဆို ကုန်ကြမ်းက တနေရာ ကုန်ချောထုတ်တာ တစ်နေရာနဲ့ တကယ် မအောင်မြင်ဘူး။ ပြီးတော့ သာပေါင်းက ပျော့ဖတ်စက်ရုံဆိုလဲ အခုမလည်နိုင်ဘူး။ မြောင်းမြမှာဆို ဂုန်နီစက်ရုံဗျာ။ နိုင်ငံတော် ဘဏ္ဍာတွေ ဆုံးရှုံးပြီး ရပ်တန့်နေတဲ့ စက်ရုံတွေကို လုပ်ငန်းလုပ်ကိုင် နိုင်သူတွေ လက်ထဲကို အရောက်ပို့ပြီး ဒေသတွင်း အလုပ်လက်မဲ့နှုန်းကို အရင်လျှော့ချရမယ် အလုပ်လက်မဲ့ လျှော့ကျမှ ဒေသတွင်း တိုးတက်မှာ'' ဟု ဝေဖန်သုံးသပ်ခဲ့သည်။
Eleven Media Group

No comments:

Post a Comment