Sunday 8 June 2014

ရတနာပုံအသင်း ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိချန်ပီယံ ရန်ကုန်နှင့် မကွေးအသင်းတို့ နိုင်ပွဲများရရှိ

၂၀၁၄ MNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၁၁) ပထမနေ့ ပွဲစဉ်များကို ဇွန် ၇ ရက်က ဆက်လက်ကျင်းပရာ ရတနာပုံ၊ လက်ရှိချန်ပီယံ ရန်ကုန်နှင့် မကွေးအသင်းတို့ နိုင်ပွဲများ ရရှိခဲ့ကြောင်း သိရသည်။ အိမ်ကွင်း၌ နိုင်ပွဲရရှိခဲ့သော ရတနာပုံအသင်းမှာ ရမှတ် ၂၇ မှတ်ဖြင့် ရာသီ ၀က် ချန်ပီယံဖြစ်ခဲ့ကြောင်း သိရသည်။ 

ရတနာပုံအသင်းမှာ ဇေယျာရွှေမြေအသင်းကို ကိုလံဘီယာတိုက်စစ်မှူး ဖွန်ဆီကာ၊ လူငယ်တိုက်စစ်မှူး ဒွေးကိုကိုချစ် တို့၏ ဂိုးများဖြင့် (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲစဉ်(၁၀)လက်ကျန်ပွဲတွင် သရေပွဲ ကြုံတွေ့ခဲ့ သည့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှာ ယခုပွဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး နေပြည်တော်အသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ပထမပိုင်း ပြီးခါနီးတွင် အသင်းခေါင်းဆောင် ခင်မောင်လွင် အနီကတ်ဖြင့် ထုတ်ပယ် ခံခဲ့ရခြင်းကြောင့် ရန်ကုန်အသင်းမှာ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း အမှားအယွင်း မရှိဘဲ ဂိုးများထပ်မံ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီဇာက ၃၄၊ ၆၅၊ ၈၁ မိနစ်များတွင် ဟက်ထရစ် သွင်းယူ ခဲ့ပြီး ရန်ကုန်အသင်းအတွက် နောက်ထပ်အနိုင်ဂိုး တစ်ဂိုးကို ၆၇ မိနစ်တွင် အီမာဆင်က သွင်းယူခဲ့သည်။ 

မကွေးအသင်းနှင့် Southern အသင်းတို့ပွဲတွင် မကွေးအသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာအထိ တက်လှမ်းလာနိုင်ခဲ့သည်။ နာမည်ကြီး ဧရာဝတီအသင်းမှာ အမှတ်ပေးဇယား အောက်ဆုံးမှ GFA အသင်းကို အနိုင်မကစားနိုင်ဘဲ နှစ်ဂိုးစီ သရေကျခဲ့သည်။

Eleven Media Group 

No comments:

Post a Comment