Saturday 5 April 2014

မူးယစ်တိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲမည်

လက်ရှိ ကျင့်သုံးနေသော မူးယစ်တိုက်ဖျက်ရေး ဥပဒေကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြင်ဆင်ရေးဆွဲ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်ရေးအဖွဲ့ (ဗဟို) အတွင်းရေးမှူး ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
၁၉၉၃ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သော မူးယစ်ဥပဒေကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲရန် စီစဉ်ထားကြောင်း ဧပြီလ ၄ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ တွင် ကျင်းပသော မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေး အသိပညာပေး လူထုလှုပ်ရှားမှု အခမ်းအနား တွင် ၎င်းက ပြောကြားသည်။

“ပြည်သူ့ကျန်းမာရေးကို ဦးစားပေးတဲ့ Public Health Oriented Approach ပုံစံမျိုးဖြစ်အောင် ရေးဆွဲဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မူးယစ်ဥပဒေကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ပြုပြင်ရေးဆွဲမည်ဟု ဆိုရာတွင် မူးယစ်ဆေး သုံးစွဲ သူများ ရှေ့ဆက်ရမည့် ဘဝတွင် အသက်မွေးဝမ်းကျောင်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း ရန်ကုန်ရှေ့နေအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေးက ပြောကြားသည်။

“ဥပဒေကြောင့် အသက်မွေးဝမ်းကျောင်း ပျက်သွားတာမျိုး မဖြစ်အောင် ပြင်ဆင်ဖို့ လိုတယ်” ဟု ၎င်း၏ အမြင်ကို ပြောဆိုသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးစွဲ လူနာများအတွက် ဆေးဝါးကုသမှု ခံယူရေးနှင့် လူ့အသိုင်းအဝန်း အတွင်း ပြန် လည်ဝင်ဆံ့ရေး စသည့် အချက်များ ပါဝင်သော နိုင်ငံတကာ မူးယစ်ဆေးဝါး ကွန်ဗင်းရှင်း သုံးခုတွင် လက်မှတ်ရေးထိုးထားပြီး လတ်တလောတွင် မူးယစ်ဆေးဝါး သုံးစွဲသူများ ကုသရေးအတွက် မူးယစ်ဆေးစွဲ ကုသရေးဌာန ၇၃ ခု ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး (ဗဟို) ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment