Saturday 5 April 2014

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီ၊ ပြင်သစ် သမ္မတများနှင့် တွေ့ရန် ဥရောပသို့ ၉ ရက်နေ့ သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခေါင်းဆောင်များ၏ ဖိတ်ကြားချက်အရ ဂျာမနီနှင့် ပြင်သစ်နိုင်ငံ သမ္မတတို့နှင့် တွေ့ဆုံရန် ဧပြီလ ၉ ရက်နေ့တွင် ဥရောပသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီက သတင်းထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဂျာမနီသမ္မတ ဂျိုအာချင်ဂေါက်၊ ဝန်ကြီးချုပ် အင်ဂလာမာ ကယ်လ်နှင့် ဂျာမန် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင် အများအပြားနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ယင်းနောက် International Willy Brandt Prize ကို လက်ခံရယူပြီး ဂျာမနီရောက် မြန်မာမိသားစု များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ပြင်သစ်နိုင်ငံသို့ သွားရောက်ကာ သမ္မတ ဖရန် ဆွာဟော် လန် အပါအဝင် လွှတ်တော်ဥက္ကဋ္ဌ၊ အခြေခံဥပဒေကောင်စီ ဥက္ကဋ္ဌတို့အပြင် နိုင်ငံရေး၊ စီးပွားရေး စစ်ရေးခေါင်းဆောင်များနှင့် ဆက်တိုက်တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် ပြင်သစ်ခရီးစဉ်အတွင်း ပြင်သစ် စစ်တက္ကသိုလ် Ecole Militaire သို့ သွားရောက် လေ့လာမည် ဖြစ်ပြီး ဧပြီ လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန် လည် ရောက်ရှိ မည် ဖြစ်ကြောင်း NLD ပါတီက ဆိုသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး စတုတ္ထအကြိမ်မြောက် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ တစ်ပတ်ကြာ ခရီးစဉ်တွင် NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးဖြိုးဇေယျာသော်နှင့် ပါတီဥက္ကဋ္ဌ ရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်တို့ လိုက်ပါမည် ဖြစ်ကြောင်း NLD ပါတီက သတင်းထုတ်ပြန်သည်။

ဂျာမနီသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဖိတ်ကြားချက်အရ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဂျာမနီအဓိပတိ ဝန်ကြီးချုပ် အင်ဂလာမာကယ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံ မည် ဖြစ်ပြီး ပြင် သစ် ခရီးစဉ်မှာ တတိယအကြိမ် သွားရာက်သည့် ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ထို့အပြင် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ဗြိတိန်တော်ဝင် စစ်တက္ကသိုလ် ဆင်းဟတ်တွင် မိန့် ခွန်းပြောကြားအပြီး ယခု ပြင်သစ် စစ်တက္ကသိုလ်သို့ သွားရောက်မည့် ခရီးစဉ်မှာ ဒုတိယအကြိမ်မြောက် ဥရောပ ထိပ်တန်း စစ်တက္ကသိုလ် တစ်ခုသို့ ထပ်မံ သွားရောက်သည့် ခရီးစဉ်ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment