Saturday 5 April 2014

ယခုဘဏ္ဍာနှစ်တွင် အခွန်အကောက်မှ ကျပ်ဘီလျံ ၅၀၀၀ နီးပါးရရှိရန် လျာထားပြီး ယခင်ဘဏ္ဍာနှစ် လျာထားမှုထက် ကျပ်ဘီလျံ ၂၅၀၀ ကျော်ပိုမို

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အခွန်အကောက်ရရှိရန် လျာထားငွေပမာဏ ကျပ် သန်းပေါင်း ၄၈၉၀၅၈၀ ဒသမ ၉၄၃ (ဘီလျံ ၅၀၀၀ နီးပါး)ဖြစ်ပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် အခွန်အကောက်ရရှိရန် လျာထားငွေပမာဏ ကျပ် သန်းပေါင်း ၂၃၅၉၄၄၉ ဒသမ ၀၇၁ (ဘီလျံ ၂၃၀၀ ကျော်)ထက် ကျပ် သန်းပေါင်း ၂၅၃၁၁၃၅  ဒသမ ၈၇(ဘီလျံ ၂၅၀၀ကျော်) ပိုမိုတိုးမြှင့်ကောက် ခံ ရန် လျာထားကြောင်း သိရသည်။
ထိုကဲ့သို့ ၀န်ကြီးဌာနအလိုက် ကောက်ခံမည့် အခွန်အကောက်ငွေ ပမာဏများ ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသော ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး၍ ဧပြီ ၄ ရက်တွင် အစိုးရသတင်းစာများမှ ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အခွန်အကောက်ကောက်ခံရန် လျာထားသည့် ၀န်ကြီးဌာနများ မှာ ပြည် ထဲရေးဝန်ကြီးဌာန၊ ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန၊ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီး ဌာန တို့ဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင်မူ အဆိုပါဝန်ကြီးဌာနများအပါအ၀င် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီး ဌာနတို့လည်း ပါဝင်လာသည်။

ယခင်ဘဏ္ဍာနှစ်နှင့် လက်ရှိဘဏ္ဍာနှစ် နှစ်နှစ်စလုံးတွင် အခွန်အကောက် ကောက်ခံ ရန်လျာထားမှု၌ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ကောက်ခံမည့် အခွန်အကောက်ပမာဏမှာ အများဆုံးဖြစ်သည်။

ယခင်ဘဏ္ဍာနှစ်တွင် စုစုပေါင်းအခွန်အကောက်လျာထားငွေ၌ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံရန် လျာထားငွေသည် ၉၈ ရာခိုင်နှုန်းနီးပါးရှိပြီး လက်ရှိဘဏ္ဍာနှစ်တွင် ၆၅ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် စုစုပေါင်းအခွန်အကောက် ကောက်ခံရန်လျာထားငွေ ကျပ်ဘီလျံ ၅၀၀၀ နီးပါးတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အကောက် ခွန်နှင့် အောင်ဘာလေသိန်းဆုတို့မှ စုစုပေါင်း ကျပ်ဘီလျံ ၃၂၀၀ ကျော်ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် လက်ညှိုးထိုး မလွဲရောင်းချလျက်ရှိသော အရက်၊ ဘီယာဆိုင်များမှ ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် ကောက် ခံ ရမည့် ယစ်မျိုးခွန်မှာ ကျပ်တစ်ဘီလျံနီးပါးပင်မရှိကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment