Tuesday 8 April 2014

နိုင်ငံတော် စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရေး ဝိုင်းဝန်း ကြိုးပမ်း

အာရှဖွံ့ဖြိုးရေး ဘဏ်မှ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ငွေထုတ်ချေးသူများ၏ လွတ်လပ်သော အကဲဖြတ်ဌာနက ဧပြီ ၄ ရက်တွင် လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့သည်။ ၎င်းအစီရင်ခံစာအရ အာရှ တိုက်တွင် နေထိုင်သော လူတစ်ဦး တစ်နေ့ဝင်ငွေမှာ ၁ ဒသမ ၂၅ ဒေါ်လာအောက် လျော့ နည်း နေသေးခြင်းကြောင့် ဝင်ငွေ မညီမျှမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကထက် ၂ဝ ရာ ခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရမည့် အစား တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီး ပွားရေး ကွာဟမှု ပိုမိုကျယ်ဝန်း၍ ပြည်သူများ၏ ဆင်းရဲမှုမှာလည်း တိုးတက်မှု မရှိသေးကြောင်း သိရသည်။
အားလုံးလွှမ်းခြုံနိုင်သော ဖွံ့ဖြိုးရေး ထောက်ပံ့ ကူညီပေး (ADB's Support for Inclusive Growth) ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုမှစ၍ အာရှတိုက် တွင် နေထိုင်သော မိသားစု စားသုံးမှုမှာ ၁၉၉ဝ ပြည့် နှစ်တွင် နှစ်စဉ် ၅ ဒသမ ၇ ရာခိုင်နှုန်းရှိ ခဲ့ရာမှ ၂ဝဝဝ ပြည့်နှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ပြည်တွင်းထုတ်ကုန် စုစုပေါင်း တန်ဖိုးမှာ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၈ ဒသမ၂ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ကြောင်း ဖော်ပြထားသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ်သည် အားလုံး လွှမ်းခြုံနိုင်သော ဖွံ့ဖြိုးရေး မဟာဗျူဟာကို ၂ဝဝ၈ ခုနှစ်တွင် ချမှတ် ခဲ့ကာ စမ်းသပ်ဆောင်ရွက်လျက် ရှိပြီး ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အကူအညီများ ပေးအပ်ရာ၌ ပူးပေါင်းပါဝင်ကြရန် ဖွံ့ဖြိုးရေး အဖွဲ့များအား နှိုးဆော် ထားသည်။

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဆိုသော နိုင်ငံရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် စီးပွားရေးအရ အပြန်အလှန် အမှီသဟဲပြုရေး ဆိုသော စီးပွားရေး ဂလိုဘယ် လိုက်ဇေးရှင်း ကိုလည်း အရှိန်အဟုန်မြှင့်၍ ပူးပေါင်း ဆောင်ရွက်နေ ကြပြီဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန် မာနိုင်ငံတော် အစိုးရသည် နိုင်ငံတော် စီးပွားရေး အားကောင်းမောင်း သန် ဖြစ်စေ ရန်နှင့် နိုင်ငံသား တစ်ဦး ချင်း ဝင်ငွေမြင့်မားစေရန် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

(၁၈)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ဧပြီ ၅ ရက်က ကျင်းပခဲ့သည်။ ယင်းအစည်းအဝေး၌ အပြု သဘော တိုးတက် ခိုင်မာသည့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံ များ၊ အပြည်ပြည်ဆိုင်ရာ ငွေရေး ကြေးရေး အဖွဲ့အစည်းများ၊ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံ တကာ စီးပွား ရေး အသိုက်အဝန်းနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု အခြေခံများ တိုးမြှင့် တည် ဆောက်နိုင်ခဲ့သည်။

သို့ဖြစ်၍ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းတွင် မြန်မာနိုင်ငံ ပါဝင်နိုင်သည့် အခွင့်အလမ်းကောင်း များမှ ခိုင်မာသည့် ရလဒ်ကောင်းများ ရရှိရေး စွမ်းဆောင် နိုင်သည်နှင့် အမျှ နိုင်ငံသား တစ်ဦးချင်း ဝင်ငွေ တိုးတက် လာပြီး နိုင်ငံတော်၏ GDP မြင့်မား လာမည် ဖြစ်ရကား နိုင်ငံတော် စီးပွားရေး အားကောင်းမောင်း သန် ဖြစ်လာရေး ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်း ကြိုးပမ်းကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

မြ၀တီ

No comments:

Post a Comment