Thursday 13 February 2014

ငြိမ်းချမ်းရေးဖော်ဆောင်ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်ဖြစ်နေဆဲဟု ND-Burma အစီရင်ခံစာ ဖော်ပြ

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက် နေသော်လည်း တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် နေ့စဉ်ဖြစ်နေဆဲဟု လူ့အခွင့်ရေးမှတ်တမ်းကွန်ရက် ND-Burma အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။


၎င်းအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာကာ ခြောက်လ တစ်ကြိမ် အစီရင်ခံစာများကို ထုတ်ပြန်ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း လူ့ အခွင့်အရေးချိုးဖောက်မှု ၁၀၆ မှုထိ စာရင်းပြုစုရရှိသည့် အစီရင်ခံစာကို ဖေဖော်ဝါရီ ၁၁ ရက်က ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ၂၀၁၃ ခုနှစ် ပထမခြောက်လပတ် ဇန်န၀ါရီမှ ဇွန်လအထိ လူ့အခွင့်အရေးချိုးဖောက်မှု ၁၄၇ မှု ရှိသည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အစိုးရသစ်လက်ထက် နှစ်နှစ်တာကာလအတွင်း လူ့အခွင့် အရေးချိုးဖောက်မှုများသည် လျော့နည်းလာခြင်းမရှိသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်အတွင်း ထည့်သွင်းရေး သားထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများသည် စစ်ဖြစ်နေသည့်ဒေသများတွင်သာမက အပစ်ရပ်စဲရေး သဘောတူထားသည့်ဒေသ၊ အပစ်ရပ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် သဘောတူထားသည့်ဒေသ များတွင်ပါ ဖြစ်ပွားနေခြင်း ဖြစ်သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများအနေဖြင့် အစီရင်ခံစာတွင် ဖြစ်စဉ်အချို့ကို ဖော်ပြထားရာ ကွတ်ခိုင်မြို့ နယ်အတွင်းရှိ ရွာတစ်ရွာမှ ရွာသား ၁၂ ဦးအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်နှင့် ဆက်သွယ် မှုရှိသည်ဟုဆိုကာ ပန်ဆေးပြည်သူ့စစ်နှင့် အစိုးရစစ်တပ်ဘက်မှ ၂၀၁၃ ခုနှစ် ဧပြီလ ၁၄ ရက်တွင် ဖမ်း ဆီးခဲ့သည်။ ဖမ်းဆီးခံရစဉ် နှိပ်စက်ညှဉ်းပန်းခံရပြီး ရွာသားများ တစ်နေရာသို့ သွားရောက်တိုင်ကြားပါက မိသားစုများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်အတွက် ရွာသားများမှာ မည်သူ့ကိုမှ သွားရောက် မတိုင်ကြားရဲဟု ရွာသားတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပတ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံနိုင်ခဲ့ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွင်း အရေးကြီးသည့် လိုင်ဇာနှင့် လော်ခီးလာကဲ့သို့ ညီလာခံများ ခေါ်ယူနိုင်ခဲ့သော်လည်း တိုင်းရင်းသားဒေသများတွင် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေဆဲ ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ လျှော့ချနိုင်ရန်အတွက် အစိုးရသာ ဆောင်ရွက်၍မရရှိနိုင် ဘဲ အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက မဇ္ဈိမကို ပြောသည်။

“ငြိမ်းချမ်းရေးက မခိုင်တခိုင် ရွာပုန်း ရွာရှောင်တွေက များလာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက များလာမယ်။ ပြည်တွင်းမှာ ဒါတွေကို အတိအကျမသိနိုင်ဘူး။ ဒီလိုအဖွဲ့တွေက ထုတ်တာက ၇၅ ရာခိုင် နှုန်းလောက် မှန်ပါတယ်။ တကယ် တိတိကျကျ ဖော်ပြထားတာ ဘယ်သူမှ ငြင်းလို့ မရနိုင်တာတွေ ရှိ တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၆ ခုတွင် စစ်တပ်က ကျူးလွန် ခြင်း အများဆုံး ဖြစ်သည်။ ခြောက်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင်ဖြစ်ပေါ်ခဲ့သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာ)ကို လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် မြန်မာလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအတွက် နည်းလမ်းတစ်ခုကို ထောက်ပံ့ပေးရန်အတွက် ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment