Thursday 13 February 2014

ခင်ဦးမြို့တွင် တရားစီရင်ရေး မမျှတမှုများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို ဒေသခံပြည်သူများ ထပ်မံဆန္ဒပြ

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ငွေကြေးနှင့် အာဏာ အလွဲသုံးစားမှုများကြောင့် အုပ်ချုပ်ရေးပိုင်း တာဝန် ရှိသူများကို ဒေသခံ ၁၅၀ ခန့်က ဖေဖော်ဝါရီ ၁၁၊ ၁၂ ရက်များက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်း ရရှိသည်။

“ဆန္ဒပြဖို့ ခွင့်ပြုမိန့်တင်ခဲ့တာမှာ မြို့နယ်နဲ့ ခရိုင်က ခွင့်မပြုခဲ့ဘူး။ တိုင်းရုံးရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်ဖော် ခဲ့တာ ဖြစ်ပါတယ်”ဟု ၈၈ မျိုးဆက် (ခင်ဦးကွန်ရက်) မှ ဦးသိန်းအောင်က ပြောကြားသည်။

တရားစီရင်ရေး မမျှတမှုများ၊ မြေယာပြဿနာများနှင့် အုပ်ချုပ်ရေးပိုင်း အလွဲသုံးစားမှုများကြောင့် ဒေသခံ များက ဆန္ဒထုတ်ဖော်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုတွင် အုပ်ချုပ်ရေး တာဝန်ရှိသူများကို ရာထူးမှ နှတ်ထွက်ပေးရန် ဒေသခံများက တောင်းဆိုခဲ့ကြသည်။

“မြို့နယ်တရားရုံးနဲ့ မြေစာရင်းတာဝန်ရှိသူတွေက လက်ရှိကျွန်တော်တို့ခံစားနေရတဲ့ တရားမျှတမှု မရှိတာတွေကို ပူးပေါင်းစုံစမ်း ဆောင်ရွက်မယ်လို့ အကြောင်းပြန်ပါတယ်။ အဲဒီအတွက် အုပ်ချုပ်ရေး ပိုင်းကိုပဲ သီးသန့် ဆန္ဒထုတ်ဖော်ခဲ့ရတာ ဖြစ်ပါတယ်။အုပ်ချုပ်ရေးပိုင်းနဲ့ ဆွေးနွေးတဲ့အခါမှာ ဒေသခံတွေ ရဲ့ဆန္ဒနဲ့ ပတ်သက်ပြီး သဘောတူညီမှု မရခဲ့ဘူး” ဟု ဦးသိန်းအောင်က ဆိုသည်။

မူလက သုံးရက်ဆက်ဆန္ဒပြရန် စီစဉ်ခဲ့သော်လည်း ဆန္ဒပြမှုကို နှစ်ရက်သာပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် ဒေသခံများ၏ လိုလားချက်များကို လုပ်ဆောင်ပေးရန် မျှော်လင့်ကြောင်းလည်း ဒေသခံများက ဆိုသည်။

“အုပ်ချုပ်ရေးပိုင်း တာဝန်တွေကို လုပ်ဆောင်တဲ့အခါ ထင်သာမြင်သာ ဘာမှမရှိပါဘူး။ ငွေစာရင်း ရှင်းတမ်းတွေ ထုတ်ပြန်တာမရှိဘူး။ တိုင်ကြားတဲ့အခါမှာလည်း ဒါတွေက သူတို့ရဲ့ တရားဝင်လုပ်ပိုင်ခွင့်လို့ ပြောတယ်။ အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်တဲ့သူတွေအနေနဲ့ တာဝန်နဲ့ အာဏာကို ကွဲကွဲပြားပြားသိပြီး လုပ်ဆောင်ကြဖို့ ဒေသခံတွေက လိုလားပါတယ်” ဟု ခင်ဦးဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

ခင်ဦးမြို့နယ်တွင် ဇန်န၀ါရီလဆန်းပိုင်း ဆန္ဒထုတ်ဖော်မှုကြောင့် ၈၈ မျိုးဆက်အလံကိုင် ဒေသခံပြည်သူ ငါးဦး ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ရွှေဘိုတရားရုံးတွင် ဖေဖော်ဝါရီ ၁၄ ရက်၌ အမိန့်ချမှတ်မည် ဖြစ်သည်။         

Eleven Media Group

No comments:

Post a Comment