Thursday 13 February 2014

လျှို့ဝှက်လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်မှ ယာဉ်မောင်းကို ခေါ်ယူစစ်ဆေးမေးမြန်း

လျှို့ဝှက်လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်မှ ယာဉ်မောင်းဦးမျိုးကိုအား သက် ဆိုင်ရာက ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ခေါ်ဆောင်သွားခဲ့ကြောင်း ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုသီဟအောင်က ပြောကြားသည်။


“ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ အပိုင်မြို့နယ် အက်စ်ဘီတွေကပဲလာပြီး ကိုမျိုးကိုကို လာပြီးမေးစရာ ရှိလို့ဆို ခေါ်သွားပါတယ်။ ည ၉ နာရီမထိုးခင်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ မကွေးသွားတဲ့ ခရီးစဉ်မှာ သူလိုက်သွားတဲ့အတွက် ခေါ်မေးတာလို့ ကိုမျိုးကိုက ပြောတယ်။ သူက ယာဉ်မောင်း သက်သက်အနေနဲ့ လိုက်သွားခဲ့တာသာ ဖြစ်ပါတယ်။ အခုဆို ကျွန်တော့်ဆီက ၀န်ထမ်းတွေဟာ ကိုယ့်ကို ဘယ်တော့လာခေါ်မလဲဆိုပြီး စိုးရိမ်သောက ရောက်နေရပါတယ်” ဟု ကိုသီဟအောင်က ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ကလည်း အဆိုပါဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ တူဖြစ်သူ ကိုအောင်ဝင်းထွန်းကိုလည်း သက်ဆိုင်ရာက ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်။

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်၊ ရန်ကုန်အခြေစိုက် သတင်းထောက်သုံးဦး၊ မကွေးအခြေစိုက် သတင်းထောက်တစ်ဦးတို့အား အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံအား လျှို့ဝှက်ဓာတုလက်နက်စက်ရုံ ခေါင်းစဉ်ဖြင့် ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဖော်ပြထုတ်ဝေခဲ့သဖြင့် မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(က)/၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment