Thursday 13 February 2014

ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်က သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်းထူထောင်နိုင်ခြင်း မရှိသေး၍ ဆက်လက်ကြိုးစားရဦးမည်ဟု UNA ထုတ်ပြန်

ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်က သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်း ထူထောင်နိုင်ခြင်း မရှိသေးသည့်အတွက် ဆက်လက်ကြိုးစားရဦးမည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။


ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ဖွဲ့စည်းတည်ထောင် လာခဲ့ကြသည်မှာ (၆၇)နှစ် တိုင်ခဲ့ပြီဖြ စ်ကြော င်း၊ ထိုကာလအတွင်း မြောက်များစွာသော အတွေ့အကြုံများနှင့် အခက်အခဲ အကျပ်အတည်း ပေါင်းစုံကို ရင်ဆိုင်ဖြတ်သန်းခဲ့ရကြောင်း၊ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီး နိုင်ငံအား စီမံခန့်ခွဲအုပ်ချုပ်လျက် ရှိသော်ငြားလည်း ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်အခါက သဘောတူ ချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်းထူထောင်နိုင်ခြင်း မရှိသေးကြောင်း၊ မူလဘူတ စတင်ဖွဲ့စည်း စဉ်က သဘောတူ မျှော်မှန်းထားခဲ့ကြသည့် ပြည်ထောင်စုပုံစံဖြစ်သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖွဲ့စည်းပေါ်ပေါက်နိုင်ရန် ဆက်လက်ကြိုးစားရဦးမည်ဟု UNA ၏ ထုတ်ပြန် ချက် တွင် ပါဝင်သည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရတို့ နှစ်ဖက်ဆွေးနွေးနေကြသည့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ထွန်းပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အားပေးကြိုဆို ထောက်ခံလျက်ရှိကြောင်း၊ မျှော်မှန်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီးသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နည်းနာအရ ပြုလုပ်ကြမည့် နိုင်ငံရေးဆွေးနွေးပွဲများမှနေ၍ ထွက်ပေါ်လာလတ္တံသော သဘောတူညီမှုများအကြား ပေါက်ဖွားလာနိုင်သဖြင့် အဆိုပါ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး အလျင်အမြန် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုထိုက်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ မွန်ဒီမိုကရေစီပါတီ စသည့်တိုင်းရင်းသား နိုင်ငံရေးပါတီများ စုပေါင်းပါဝင်သည်။

Eleven Media Group

No comments:

Post a Comment