Thursday 13 February 2014

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော် အတည်ပြု

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသား လွှတ်တော်က အတည်ပြုခဲ့သည်။


အဆိုပါဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အား ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အပြင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း ပြည်သူ့လွှတ်တော် အတည်ပြုချက် အတိုင်း ထားရှိရန် သဘောတူ လက်ခံထားသောကြောင့် ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် သဘောတူ၊ မတူ ဆုံးဖြတ်ရာ လွှတ်တော်မှ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် များအတိုင်း ထားရှိရန် သဘောတူခဲ့သည်။

ဂိုဏ်းဖွဲ့ကျူးလွန်သည့် ပြစ်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာသည့် ပြစ်မှုများ၊ အကြမ်းဖက်မှု ဆိုင်ရာ ပြစ်မှုများ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်နှင့်အထက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုတစ်ရပ်ရပ် စသည်တို့ကို ကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခ၀ါချမှု ပြုလုပ်ခြင်းသည် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်သည်ဟု ဥပဒေကြမ်းတွင် ပါဝင်သည်။

ထို့အပြင် ငွေကြေးခ၀ါချမှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ်သန်းငါးရာအထိ ငွေဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အား ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ရမည်ဟု ဥပဒေကြမ်း၌ ပါရှိသည်။

မည်သူမဆို ငွေကြေးခ၀ါချမှု ဥပဒေအရ စုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း ၎င်းအားထုတ်ဆင့်သည့် ငွေကြေးနှင့် ပစ္စည်းဆိုင်ရာ တားမြစ်မိန့်များ၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းသုံးရာထိ ငွေဒဏ်ချမှတ်မည်ဟု ဥပဒေကြမ်းတွင် ပါဝင်သည်။

အလားတူ ငွေကြေးခ၀ါချမှု ဥပဒေကြမ်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သင့်လျော်သော နိုင်ငံသားများအား အဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်စေပြီး ဗဟိုအဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ဗဟိုအဖွဲ့မှ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခြင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်း စသည်တို့ ပါဝင် သည်။

ထို့အတူ ဥပဒေကြမ်းတွင် မည်သူမျှ နိုင်ငံတော်အတွင်း သဏ္ဌာန်ဆောင်ဘဏ်ကို ဖွဲ့စည်းထူထောင်ခြင်း သို့မဟုတ် လုပ်ငန်းဆောင်ရွက်ခြင်း မပြုရဟု တားမြစ်ချက်ကို ထည့်သွင်းပြဋ္ဌာန်း အတည်ပြုထားသည်။

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြုထားသည့် အတိုင်း အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့သဖြင့် လွှတ်တော်နှစ်ရပ်အကြား သဘောကွဲလွဲသည့်အချက် မရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော ဥပဒေအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment