Thursday 13 February 2014

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်အတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံသွားမည်ဟု ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သ၀ဏ်လွှာတွင် သမ္မတဦးသိန်းစိန်ပြောကြား

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားကို တွေ့ရစဉ်
နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်သွားရန်အတွက် ကြိုးပမ်းမှုအားလုံးကို အင်တိုက်အားတိုက် ထောက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော ၎င်း၏သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။


လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် တိုင်းရင်းသားအချင်းချင်း အကြားတွင် ဖြစ်ပေါ်ခဲ့သည့် သံသယနှင့် ပဋိပက္ခ များကြောင့် မိမိတို့နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အိမ်နီးချင်းနိုင်ငံ များထက် နောက်ကျခဲ့ရကြောင်းနှင့် မြန်မာ့သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အတွေ့ အကြုံ များကို သင်ခန်းစာယူလျက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး တို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဟု သမ္မတက ပြောကြား သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းသောအမျိုးသားပြန်လည် စည်းလုံးညီညွတ်မှု တိုးတက် ခိုင်မာစေရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်မည့် ညှိနှိုင်းဆွေးနွေးမှုများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိနေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုင်ဇာဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်တွင် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် တည်ထောင်ရာတွင် တွေ့ကြုံရမည့် ပြည်တွင်းပြည်ပ မှ စိန်ခေါ်မှုများ ခြိမ်းခြောက်မှုများနှင့် နှောင့်ယှက်မှုများကို တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စုပေါင်းညီညွတ်သည့် အင်အားဖြင့် တွန်းလှန်နိုင်မည် ဖြစ်သည်ကို ယုံကြည်သည်ဟု ၎င်းကပြောကြားသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသ၌ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သည့် လိုင်ဇာညီလာခံသည် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်အတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင်ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။    

Eleven Media Group

No comments:

Post a Comment