Monday 24 February 2014

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ကျော် ဆန္ဒပြ

Photo: အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ကျော် ဆန္ဒပြ
Monday, February 24, 2014

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်းရှိ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များက ဦးဆောင်ကာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ ခန့်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တာမွေ မြို့နယ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူများက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) နှင့် (စ) တို့ ဖျက်သိမ်းပေးရေး၊ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော ပုဒ်မများ ပြင်ဆင်ပေးရေး အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အခြေခံ ဥပဒေ ပေါ်ပေါက်ရေးတို့ အတွက် ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်၊ ပြည်သူ့ဘဝ မြှင့်တင်ရေး ကွန်ရက်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များနှင့် တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ မရမ်းကုန်း စသည့် ရန်ကုန်မြို့ရှိ မြို့နယ်များမှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုတာက နိုင်ငံတော်ရဲ့ အသက်သွေးကြော ဖြစ်သလို ကျွန်တော်တို့ရဲ့ ကံကြမ္မာပါ။ ဒီကျွန်တော်တို့ရဲ့ကံကြမ္မာကို ရေးဆွဲတဲ့ နေရာမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ သဘောဆန္ဒ မပါဘဲ ရေးဆွဲထားတာပါ” ဟု ဆန္ဒ ထုတ်ဖော်မှု ခေါင်းဆောင် တစ်ဦးဖြစ်သူ Generation Wave အဖွဲ့မှ ဦးမိုဃ်းသွေးက ပြောကြားသည်။

ဖြတ်သန်းလာသည့် ဒီမိုကရေစီအရေး ကြိုးပမ်းမှု ကာလများတွင် ပြည်သူ လူထု၏ ခေါင်းဆောင်ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံတော်၏ ခေါင်းဆောင်ကို ပြည်သူ့ဆန္ဒနှင့် အညီ ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း၊ ယင်းသို့ ရွေးချယ် တင်မြှောက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေက အဟန့်အတား ဖြစ်နေပါက ပြည်သူလူထု အနေနှင့် လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် လာနိုင်ကြောင်း ဦးပြုံးချိုက ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကလည်း ကျွန်တော်တို့ဟာ လိုအပ်လာပြီ ဆိုရင် ဟောဒီ လမ်းမတွေပေါ်ကို ထွက်ခဲ့ကြတယ် ဆိုတာ အာဏာရှင်စိတ် မကုန်သေးတဲ့ သူတွေ သိထားဖို့ လိုတယ်ဆိုတာ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် တိုင်းပြည် ပြုပြင် ပြောင်းလဲရေး ဆိုသည်မှာ နိုင်ငံသား အားလုံးကို သက်ရောက်ရမည် ဖြစ်ပြီး အဆိုပါ ပြုပြင် ပြောင်းလဲရေး အတွက် ပြည်သူကို ကိုယ်စားပြုသည့် လက်ရှိ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရေး ကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ လိုလားချက်ကို မလိုက်လျောပါက လာမည့် ရွေးကောက်ပွဲတွင် မဲရနိုင်မည် မဟုတ်ကြောင်း ဦးပြုံးချိုက ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအပြင် အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လိုအပ်သည့် ဆန္ဒ ထုတ်ဖော်မှုများကို ရန်ကုန် မြို့တော်ရှိ မြို့နယ်များနှင့် အခြား တိုင်းဒေသကြီးများတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

The Voice Weekly

1 comment:

  1. ပုဒ်မ ၄၃၆ မူရင်းရှိရင် တင်ပေးပါလားဗျာ။ ကျေးဇူးပါ။

    ReplyDelete