Monday 24 February 2014

သပိတ်ကျင်းတွင် ကျောင်းရက်ရှည် ပိတ်မှုဖြင့် ကျောင်းအုပ် ဆရာမကြီး အပါအဝင် ငါးဦးကို ထပ်မံ စစ်ဆေးမည်

မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုံး ကျေးရွာအုပ်စု ဇရပ်ကွင်း ကျေးရွာရှိ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတွင် စာသင်ကြားမှု မရှိဘဲ ကျောင်းရက်ရှည် ပိတ်ထားမှုနှင့် ပတ်သက်၍ ယင်းကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦးကို အရေးယူပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဒေသခံများက တိုင်ကြား ထားသဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပညာရေးမှူးက ဒုတိယအကြိမ် ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းတိုင်ကြား ထားသူများထံမှ သိရသည်။


သပိတ်ကျင်း မြို့နယ် ဇရပ်ကွင်း အထက်တန်း ကျောင်းရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ဝင်းဆွေသည် ၂၀၁၃- ၁၄ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး လက်ရှိ အချိန်အထိ ပညာ သင်ကြားပေးခြင်း မရှိတော့ဘဲ ကျောင်းခေါ်ချိန် စာရင်းများကို နေ့စဉ် လိမ်လည် စာရင်းပြုစု ထားပြီး တရားမဝင် ဖွင့်လှစ်ထားသော ကျူရှင်၊ ဘော်ဒါဆောင်များနှင့် ညှိနှိုင်း လုပ်ကိုင်နေခြင်း၊ အလယ်တန်းပြ ဆရာတစ်ဦး ဖွင့်ထားသော ကျူရှင်ကို မတက်သဖြင့် Report Card တွင် ဘာသာရပ်တိုင်းကို သုညပေးခြင်း၊ ကျူရှင်တက်သူများ အားလုံး ဘာသာရပ်တိုင်း ရမှတ် ၅၀ ကျော် ၆၀ အထိ အမှတ်ပေးခြင်း စသည်တို့ကို ကျေးရွာနေ မိဘဖြစ်သူများက မကျေနပ်သဖြင့် မြန်မာနိုင်ငံ ပညာရေး ကော်မတီ အပါအဝင် ပညာရေး အဖွဲ့အစည်း အဆင့်ဆင့်ကို ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားခဲ့ကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ယင်းသို့ တိုင်ကြားမှုကြောင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ အဖွဲ့က သွားရောက် စစ်ဆေးရာ ဆရာ၊ ဆရာမများက ကျူရှင်ကို ပိတ်ထားပြီး မဖွင့်ကြောင်း အစစ်ခံသဖြင့် ဒေသခံများက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထပ်မံ တိုင်ကြား ထားမှုကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထပ်မံ သွားရောက် စစ်ဆေးမည် ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ပညာရေးမှူးထံမှ သိရှိရသည်။

“ဆရာ၊ ဆရာမတွေ အနေနဲ့ အပိုငွေ ရှာတော့ မပြေလည်တဲ့ မိသားစုတွေ အခက်အခဲ ဖြစ်တယ်” ဟု တက္ကသိုလ် ကျောင်းသား မိဘတစ်ဦး ဖြစ်သူ ဦးကြီးကြီးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ ကျောင်းအုပ် ဆရာမကြီးကို ဆက်သွယ် မေးမြန်းရာ တက္ကသိုလ်ဝင်တန်း စာဖြေဆိုခွင့် ကျောင်းသားကတ်များ ထုတ်ယူရန် မန္တလေးမြို့သို့ ရောက်ရှိနေပြီး ကျောင်းသား မိဘများ၏ ပြောကြားချက် များသည် စွပ်စွဲ ပြောဆိုထားခြင်းများသာ ဖြစ်သည်ဟု အဆိုပါ ဇရပ်ကွင်း အ.ထ.က ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ဝင်းဆွေက ပြန်လည် ဖြေကြားသည်။

“ကျွန်တော်တို့ ကျောင်းသား မိဘတွေ အနေနဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်တယ်။ လာစစ်တယ် ဘာမှ ဆောင်ရွက်ပေးတာ မရှိဘူး။ အခု ၂၀ ရက်နေ့ ထပ်တင်ထားတယ်။ အရေးမယူဘူးဆိုရင် သက်ဆိုင်ရာ အဆင့်ဆင့်ကို ထပ်မံ တိုင်ကြားမယ်။ ကျောင်းသားတွေ စာဖြေချိန်တွေက နီးနေပြီ။ တချို့က ပိုက်ဆံ မရှိလို့ ကျူရှင် မတက်ရဘူး။ ကျောင်းမှာသာ စာသင်နေရင် ဒီကလေးတွေအတွက် ဘာမှ ပူစရာ မလိုဘူးပေါ့ဗျာ” ဟု ဇရပ်ကွင်း ကျေးရွာ ဒေသခံ ဦးစောချစ်ညွန့်က ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ထပ်မံ ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment