Monday 24 February 2014

တံဆိပ်ခေါင်းခွန်ဥပဒေပါ အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းအတွက် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဝေဖန်

အစိုးရက ပြင်ဆင်နေသည့် တံဆိပ်ခေါင်းခွန် ဥပဒေ၌ ပါဝင်သည့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားသည်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက ဆွေးနွေးရာတွင် “ယခင်တုန်းကတော့ အဲဒီ ရန်ကုန်နဲ့ မန္တလေးနဲ့ကလွဲရင် အခြားဒေသတွေမှာ နှစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ နောက်ပိုင်း ၁၉၉ဝ ပြည့်နှစ် ကျတော့ အခွန်နှုန်းထားကို တစ်ခါငါးရာခိုင်နှုန်း တင်လိုက်တယ်။ အဲဒီလို တင်တဲ့အခါကျတော့ ရန်ကုန်နဲ့ မန္တလေးက အလိုအလျောက် ခုနစ်ရာခိုင်နှုန်း ဖြစ်သွားပါတယ်။ အခုတစ်ခါ ထပ်ပြီးတော့ နှစ်ရာခိုင်နှုန်း တင်တဲ့အခါကျတော့ ကျန်တဲ့တစ်နိုင်တစ်ဝန်းလုံးဟာ တစ်ပြေးညီတော့ နှုန်းထားဖြစ်သွားပါတယ်။ စည်းကြပ် ရတာ လွယ်ကူတာ မှန်ပါတယ်။ ဒီလိုသတ်မှတ်လိုက်ခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ဆွေးနွေးခြင်းဖြစ်ပါတယ်။ အဲဒီတော့ အခွန်တိမ်းရှောင်မှု ဖြစ်ပေါ်လာပါတယ်။ ဒီခုနစ်ရာခိုင်နှုန်းဆိုတဲ့ ဥစ္စာဟာ Real Estitate လို့ခေါ်တဲ့ တကယ့်ခြံတွေ၊ မြေတွေ၊ ဒီလို အဆောက်အအုံတွေကို ဆောက် လုပ်ရောင်း ချနိုင်တဲ့ ကုမ္ပဏီကြီးတွေမှာ ပြဿနာ မရှိပါဘူး။ မရှိလို့ မိမိရဲ့ အခြေခံပစ္စည်းကို ရောင်းတဲ့ ပုဂ္ဂိုလ်များမှာ ထိခိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ ထုံးစံက ပိုက်ဆံရှိလို့ရှိရင် အိမ်လေးဆောက် တာ ဖြစ်ပါတယ်။ မရှိတဲ့အခါမှာ ဒါဟာတော်ရုံတန်ရုံ အခြေအနေမှာ ထုတ်ရောင်းလေ့ မရှိပါဘူး။ လက်ဝတ်တန်ဆာကတော့ ရှိတန်ဆာ မရှိဝမ်းစာပေါ့။ ဒါရောင်းလေ့ရှိပါတယ်။ အိမ်အခြေဖျက်တာ နောက်ဆုံးလမ်းပဲ။ အကြံကုန် ဂဠုန်ဆားချက် ဖြစ်ပါတယ်။ အဲဒီလို ဘာမှမရှိလို့ ထုတ်ရောင်းရတဲ့ အခြေအနေမှာ တံဆိပ်ခေါင်းခွန်က ခုနစ်ရာခိုင်နှုန်းဆိုတော့ ဒါတော်တော်မြင့်သွားတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ဝင်ငွေခွန်ကလည်း ၃ဝ ရာခိုင်နှုန်းဆိုတော့ ၃၇ ရာခိုင်နှုန်း၊ ရှေ့နေနဲ့ ဘာနဲ့ဆိုလို့ရှိရင် ရာခိုင်နှုန်း ၄ဝ ဆိုတော့ ရာခိုင်နှုန်း ၄ဝ လောက်က မစားရမသောက်ရ ဆောင်လိုက်ရတဲ့သဘော ရှိပါတယ်။ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေက ဒါဟာ လုပ်ငန်းလည်ပတ်နေတဲ့ အတွက်ကြောင့် ပြဿနာ မရှိပေမယ့် စောစောကလို မရှိလို့ရောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ သိပ်တာဝန်ကြီးပါတယ်။ တာဝန်ကြီးတာမို့လို့ ဒါဟာ နှစ်ရာခိုင်နှုန်းလောက်ဆိုရင် သင့်တော်မယ်လို့ ကျွန်တော့်ဘက်က မြင်တဲ့အတွက်ကြောင့် ဒါကို ဆွေးနွေးခြင်း ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ဘာများသွားလဲဆိုတော့ အခွန်တိမ်းရှောင်ပြီးတော့ အရပ်စာချုပ်လို့ခေါ်တဲ့ ၆ဝဝ တန် တံဆိပ်ခေါင်းလောက်နဲ့ ကပ်၊ ကိုယ်စားလှယ် ပါဝါလွှဲ၊ အမည်ပြောင်းပြီးတော့ ရှောင်တဲ့အတွက်ကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်မရဘဲနဲ့ မဟုတ်တဲ့ ဆိုးကျိုးရလဒ်သာ ပြန်ဖြစ်တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကျွန်တော်တို့ နာယကကြီး အမြဲအမိန့်ရှိတဲ့ ဥပဒေ ဆိုတာ လိုက်နာနိုင်တဲ့ ဥပဒေ၊ လိုက်နာချင်တဲ့၊ လိုက်နာနိုင်မယ့် ထမ်းဆောင်နိုင်တဲ့ ဥပဒေ ဖြစ်ရမယ်ဆိုတဲ့ သဘောထားအတိုင်းပဲ။ အခွန်ဥပဒေဟာလည်း ထမ်းဆောင်သင့် ထမ်းဆောင်နိုင်တဲ့ ဥပဒေဆိုရင် ပြည်သူများက လိုလားစွာ ထမ်းဆောင်မှာ ဖြစ်ပါတယ်။ အခုလို ၃ဝ ရာခိုင်နှုန်း၊ ခုနစ် ရာခိုင်နှုန်းဆိုတဲ့ အခါကျတော့ တစ်ဝက်နီးပါးဟာ မစားရ၊ မသုံးရ ပေးရတာဖြစ်တဲ့အတွက်ကြောင့် စောစောကပြောတဲ့ အခွန်တိမ်းရှောင်မှုများ ဖြစ်လာတဲ့အတွက်ကြောင့် အကျိုးရှိဖို့ထက် တစ်ဖက်က ဆန့်ကျင်ဘက် အကျိုးဆက် ရပါတယ်။ အခွန်တိုးချင်ရင် ရာခိုင်နှုန်း တိုးတယ်ဆိုတာ သိပ်လွယ်တဲ့ ဖော်မြူလာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခွန်ရဲ့Base ကို ချဲ့ထွင်တာက ပိုပြီးတော့ အကျိုးရှိတယ် ဆိုတာကို ကျွန်တော်တင်ပြလိုခြင်း ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒါနဲ့ပတ်သက်ရင်တော့ ခုနစ်ရာခိုင်နှုန်းနဲ့ ဆိုတာကို ဝေဖန်ပြီးတော့ မူလ အတိုင်း ထားသင့်ပါကြောင်း တင်ပြလိုပါတယ်” ဟု ပြောကြားသည်။

၎င်းနှင့်ပတ်သက်၍ တံဆိပ်ခေါင်းခွန်ဥပဒေသည် အများပြည်သူများနှင့် သက်ဆိုင်သည့် ကိစ္စတစ် ခုဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကိစ္စကို လွယ်လွယ်ပေါ့ပေါ့ မဆုံးဖြတ်သင့်သောကိစ္စ ဖြစ်သည့်အတွက် အချိန်ပေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment