Thursday 22 August 2013

ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဥပဒေကြမ်းနှင့် ပတ်သက်သည့် အစီရင်ခံစာ ဖတ်ကြားစဉ် "မှားတာရှိရင် တောင်းပန်ပါတယ်" စကားရပ် သုံးနှုန်းမှုကို မှတ်တမ်းတင်ခြင်း မပြုဘဲ ကောက်နုတ်ပယ်ဖျက်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ သတိပေး

အမျိုးသားလွှတ်တော်၌ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌက ဥပဒေကြမ်းတစ်ခုနှင့် ပတ်သက်သည့် အစီရင်ခံစာ ဖတ်ကြားစဉ် "မှားတာရှိရင် တောင်းပန်ပါတယ်" စကားရပ်သုံးနှုန်းမှုကို မှတ်တမ်းတင်ခြင်း မပြုဘဲ ကောက်နုတ်ပယ်ဖျက်ကြောင်း သြဂုတ် ၂၁ ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က သတိပေး ပြောကြားသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်မှ ပြင်ဆင်အတည်ပြုခဲ့သည့် အချက်များအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ထပ်မံလေ့လာတွေ့ရှိ ပြင်ဆင်သင့်သည့် အချက်များ ပြင်ဆင်၍ အမျိုးသားလွှတ်တော်၌ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေက အစီရင်ခံစာအား ဖတ်ကြားစဉ် "အမှားယွင်း ပါခဲ့လို့ရှိရင် အပြောအဆိုမှား အမှားများ ဖြစ်သွားခဲ့လို့ရှိရင် ကျွန်တော်တို့ကို နားလည်ပေးနိုင်ဖို့ အတွက်လည်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တောင်းပန်အပ်ပါတယ် ခင်ဗျာ" ဟု ပြောဆိုခဲ့မှုကို သတိပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သုံးနှုန်းပြောဆိုမှုအား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားရာတွင် ဦးဇော်မြင့်ဖေ ပြောကြားသွားသော "ကျွန်တော်တို့ အမှားပါရင် ခွင့်လွှတ်ပါဆိုသည့်" စကားသည် လိုအပ်ချက် မရှိကြောင်း၊ ဥပဒေကြမ်း ကော်မတီ၏ တာဝန်သည် ပြည်ထောင်စု အစိုးရအဖွဲ့ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်စေ တင်သွင်းသည့် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီး၊ ၀န်ကြီးဌာန၊ ပြည်သူများထဲမှ လာရောက်ဆွေးနွေးလို သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများဖြင့် ကြားနာညှိနှိုင်း၍ လွှတ်တော်ကို ပြန်လည်တင်ပြ သည့် ကော်မတီသာဖြစ်ကြောင်း၊ ကော်မတီ၏ တင်ပြမှုအား လွှတ်တော်ကိုယ်စားလှယ်များက ဆုံးဖြတ်မှသာ အတည်ဖြစ်ကြောင်း ပြောကြားသည်။

"လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်တဲ့ အခါကြတော့လည်း ယနေ့ဥပဒေကြမ်းတစ်ရပ် ရလို့ရှိရင် သတင်းစာထဲ ထည့်ခိုင်းတယ်။ အရင်တုန်းက ပြန်တမ်းမှာပဲ ထည့်တယ်။ သတင်းစာထဲမှာ ထည့်ခိုင်းလိုက်တဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ စိတ်ဝင်စားသူများက ပါဝင်ဆွေးနွေးနိုင်အောင် ပြည်သူ့အသံ လွှတ်တော်အသံက ဒါပဲ။ ဥပဒေကြမ်း ကော်မတီရဲ့ ရှေ့မှောက်မှာ လာရောက်ဆွေးနွေးမှ မဟုတ်ပါဘူး။ အမျိုးသား လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးက တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေကို ကိုယ်စားပြုထားတာ ဖြစ်တယ်။ တယ်လီဖုန်းနဲ့ လှမ်းပြီးတော့ ကိုယ့်ကိုယ်စားလှယ်ကို ပြောလို့ရတယ်။ ဘယ်ဥပဒေကြမ်းရဲ့ အပိုဒ်ကတော့ ဘယ်လိုဖြစ်ချင်တယ်။ ဘယ်လိုဖြစ်စေချင်တယ်။ ဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ၊ ပြောတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်က ဒါကိုနားထောင်ရမယ်။ လက်ခံရမယ်။ တင်ပြခဲ့လို့ရှိရင် ဥပဒေကြမ်း ကော်မတီနဲ့ ကြိုတင်ညှိသင့်တာ ညှိရမယ်။ ကြိုတင်မညှိနိုင်ရင်လည်း ဒီနေ့ ဥပဒေကြမ်း ကော်မတီရဲ့တင်ပြချက်က တီဗွီအစီအစဉ်ကနေ ပါမယ်။ အစီအစဉ်မှာပါလို့ ပြည်သူကနေ နားထောင်ပြီးလို့ ဘာကိုဘယ်လို လုပ်လိုက်ပါလားလို့ ကိုယ့်ရဲ့ကိုယ်စားလှယ်ကို လှမ်းပြောလို့ ရှိရင်လည်း ဆွေးနွေးတဲ့နေ့မှာ ဆွေးနွေးနိုင်ပါတယ်။ ပြီးတော့မှ အားလုံးက အကောင်းဆုံးကို ၀ိုင်းဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ဆုံးဖြတ်တဲ့နေ့၊ ဆုံးဖြတ်တဲ့ အချိန်မှာတော့ အမှန်ဆုံးပဲ ဖြစ်တယ်။ မှားယွင်းတယ်ဆိုတာ ဘာမှားယွင်းတာလဲ။ မှားယွင်းတယ်ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီရင် မှားယွင်းတယ်။ တခြားသော တည်ဆဲဥပဒေများနဲ့ မကိုက်ညီဘဲ ရှေ့နောက်ဆီလျော်မှု မရှိရင် မှားယွင်းတယ်။ ဒါပဲ ရှိပါတယ်" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment