Thursday 22 August 2013

နိုင်ငံခြား ခရီးသွား ဧည့်သည် ၀င်ရောက် မှုနှုန်းပေါ် မူတည်၍ ရဲတပ်ဖွဲ့ အင်အား တိုးချဲ့မည်

T-22-8
ဗိုလ်ချုပ်ဈေးအတွင်းရှိ မြန်မာ့ယွန်းထည် ပစ္စည်းများကို နိုင်ငံခြားသားနှစ်ဦး ၀ယ်ယူနေကြစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသား ခရီးသွားများ ၀င်ရောက်မှုနှုန်းပေါ် မူတည်၍ နိုင်ငံခြားခရီး သွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့အင်အားကို တိုးချဲ့သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၁ ရက် နံနက် ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းဦးထံမှ သတင်းရရှိသည်။

ယခုလက်ရှိ အချိန်တွင် နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ အနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် အများဆုံး ၀င်ရောက်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ သကြီး၊ နေပြည်တော်၊ ပုဂံနှင့်ညောင်ရွှေ ဒေသများတို့တွင်သာ အဓိက လုံခြုံရေး ဆောင်ရွက်နေကြောင်း သိရသည်။

"နိုင်ငံခြားသား ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့အနေနဲ့ အခုတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် အင်အားက သုံးရာဝန်းကျင်ပဲ ရှိပါသေးတယ်။ ဖွဲ့စည်းပုံ အရတော့ အင်အား ၆၀၀ အထိ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ ၀င်ရောက် မယ့်နှုန်းအပေါ် မူတည်ပြီးတော့ ရဲတပ်ဖွဲ့အင်အားကို တိုးချဲ့သွားဖို့ စီစဉ်နေတယ်။ နိုင်ငံခြား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ အနေနဲ့တော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ လုံခြုံရေး ဆောင် ရွက်ဖို့ မလိုအပ်သေးပါဘူး။ အများဆုံး လာရောက်လေ့လာနေတဲ့ ဒေသတွေမှာပဲ ဦးစားပေး ဆောင်ရွက်နေ ပါတယ်" ဟု သြဂုတ် ၂၁ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းဦးက ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များနှင့် ဆက်စပ်၍ မှုခင်းဖြစ်စဉ် ခုနစ်ခုဖြစ်ပွားခဲ့ပြီး သုံးခုသာ ဖော်ထုတ်နိုင်သေးကြောင်း တပ်ဖွဲ့မှူးထံမှ သိရသည်။

တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းဦးက ဆက်လက်၍ "ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးဖို့က နယ်မြေရဲစခန်းတွေက တာဝန်ယူပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ တပ်ဖွဲ့အနေနဲ့ကတော့ ခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးတွေကို အဓိက တာဝန်ယူ ဆောင်ရွက်ပေးနေတာပါ" ဟု ဆိုသည်။

နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ အနေဖြင့် ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဝင်အင်အား ၆၀၀ အထိ တဖြည်းဖြည်း တိုးချဲ့သွားမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment