Thursday 22 August 2013

ဗုဒ္ဓနည်းကျ ပဋိပက္ခ လေ့လာရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆွေးနွေး ပွဲ တွင် ဘာသာကြီးလေးခုမှ ဘာသာဝင်များနှင့် အမေရိကန်နိုင်ငံမှ ငြိမ်းချမ်းရေး ပါမောက္ခတို့ ပါဝင်ဆွေးနွေး

ဗုဒ္ဓနည်းကျ ပဋိပက္ခ လေ့လာရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ ဗားမောင့်ရှိ နိုင်ငံတကာ လေ့ကျင့်ရေး သင်တန်းကျောင်း (SIT) တွင် ပဋိပက္ခ လေ့လာရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးဆိုင်ရာ တွဲဖက်ပါမောက္ခ၊ ပဋိပက္ခ လေ့လာရေးနှင့် ဖြေရှင်းရေးဌာန (SCAR) ၏ သုတေသန အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာတတ်(စ်)ဆုရှိအရိုင်နှင့် ဘာသာကြီးလေးခုမှ ဘာသာဝင် ၃၀ တို့ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၀၊ ၂၁ ရက်များတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရာလမ်းပေါ်ရှိ မီကာဆာ ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မွတ်စလင်ဘာသာ အဲဒီဘာသာတွေက ပြဿနာဖြစ်စေမယ့် အကြောင်းအရာတွေထက် အထောက်အကူပြု ပစ္စည်းတွေလို့ ကျွန်တော့် အနေနဲ့ မြင်ပါတယ်။ သင်တန်းထဲမှာရှိတဲ့ လူတွေရဲ့ ကွဲပြားမှုတွေ၊ စိတ်ပါဝင်စားမှုတွေ၊ သင်ယူ လိုစိတ်တွေ၊ စိတ်အားထက်သန်မှုတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆိုတာ အစစ်အမှန် ပေါ်လာမယ်ဆိုတာ ကျွန်တော့်အနေနဲ့ လုံးဝယုံကြည်ပါတယ်" ဟု ပါမောက္ခ ဒေါက်တာ တတ်(စ်)ဆုရှိအရိုင်က ပြောကြားသည်။

"ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေပေါ်မှာ ဘယ်လိုနားလည်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ ဘာသာပေါင်းစုံ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မွတ်စလင် ဘာသာတွေ ချစ်ကြည်ရေး အတွက်ကို ဒီသင်တန်းလေးက ဖန်တီးပေးလိုက်တာပါ" ဟု အစ္စလာမ်ဘာသာဝင် ကိုစောလင်းအောင် က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သင်ကြားရေး ရရှိခဲ့သော ဗဟုသုတများ အသုံးပြုပြီး ပဋိပက္ခများ အား ဖြေရှင်နိုင်ရေး၊ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နိုင်သည့် အတွေးအမြင်၊  နည်လမ်းများ အား ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

"ဘာသာဆိုတဲ့ အယူအဆ၊ လူမျိုးဆိုတဲ့ အယူအဆ၊ ကွဲပြားနေတဲ့နာမည်၊ Level လေးရဲ့အောက်မှာပဲ ကွဲပြားနေတာ။ ဒါပေမဲ့ အားလုံးကို ခြုံပြီးကြည့်လိုက်တဲ့အခါ နားထောင်ကြည့်လိုက်တဲ့အခါ၊ အားလုံးဟာ ငြိမ်းချမ်းရေးကို ဦးတည်နေကြတာချည်းပဲ။ အားလုံးဟာ ငြိမ်းချမ်ရေးဆိုတဲ့ ပန်းတိုင်ကို ဦးတည်နေကြ ပါလားဆိုတဲ့ အသိတစ်ခုကို လူမျိုးမတူတဲ့ အရာကို အချင်းချင်း နားလည်ပေးကြမယ် ဆိုလို့ရှိရင် ငြိမ်းချမ်းရေးဆိုတဲ့ အကြောင်းအရာ ဘာမှမဖြစ်စရာ အကြောင်းမရှိဘူး ဆိုတာကို ဒီဆွေးနွေးပွဲကနေ ရခဲ့ပါတယ်" ဟု သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးနေထိုင်သော ဆရာတော် သျှင်ဥက္ကဋ္ဌက မိန့်ကြားသည်။

ထိုကဲ့သို့ မတူညီသော ဘာသာများ စုပေါင်း၍ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ဆွေးနွေးပွဲများ လုပ်ဆောင်ခြင်းသည် ရန်ကုန်မြို့တွင် ပထမဦးဆုံး အကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

"သင်ကြားနည်း အသစ်တွေ ရတယ်။ အတွေ့အကြုံသစ်တွေ ရတယ်။ သင်တန်းပြီးသွားတော့ ကိုယ်ပေးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ ပိုပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ပိုပြီးပြောပြပေး နိုင်တာပေါ့" ဟု ခရစ်ယာန်ဘာသာဝင် ဆလိုင်းဂျွန်နီက သင်တန်းမှ ရရှိလိုက်သော အတွေ့အကြုံအား ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲမှ နိုင်ငံတကာ အတွေအကြုံများ ဝေမျှမှုများ ပြုလုပ်ခဲ့သကဲ့သို့ ဖြစ်ပွားခဲ့သော ပြည် တွင်းပဋိပက္ခများနှင့် နှိုင်းယှဉ်သုံးသပ်မှုများလည်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

"တခြားနိုင်ငံကတောင် မြန်မာပြည်အတွက် ငြိမ်းချမ်းရေးကို ဒီလိုကြိုးစားရင် ကျွန်တော်တို့မှာလည်း အတူတူနေတဲ့ တိုင်းသူပြည်သားတွေရဲ့ ငြိမ်းချမ်းရေးကို သူ့ထက်ပိုပြီးတော့ ကြိုးစားဖို့ တာဝန်ရှိတယ်။ ငြိမ်းချမ်းရေး ကြိုးစားတဲ့နေရာမှာ ကိုယ်ရဲ့အတ္တစိတ်တွေ မလွန်ကဲဖို့ အရေးကြီးတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် အဖွဲ့ဝင် ဦလှသိန်းက ဆိုသည်။

Eleven Media Group

No comments:

Post a Comment