Thursday 22 August 2013

ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ဈာပန အခမ်းအနား အောင်ပန်းမြို့ တွင် ကျင်းပ

Y-22-8
ငြိမ်းချမ်းရေး စာဆိုရှင်ကြီး၏ ဈာပန အခမ်းအနား မြင်ကွင်း
ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ဈာပန အခမ်းအနားကို သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ် ခဲ့ပြီး စာပေ၊ အနုပညာနှင့် နိုင်ငံရေး စသည့်နယ်ပယ်ဒေသ အသီးသီးမှ လူဦးရေ ထောင်ချီပို့ဆောင်ခဲ့ ကြကြောင်း သိရသည်။ ဈာပန အခမ်းအနားသို့ နိုင်ငံရေးနယ်ပယ် အသီးသီးမှ ၀မ်းနည်းကြောင်း မှတ်တမ်းလွှာများ၊ ကဗျာများ ပေးပို့ဖတ်ကြားခြင်း များ ပြုလုပ်ခဲ့ကြသည်။
ဆရာကြီး ဒဂုန်တာရာ၏ ရုပ်ကလာပ်ကို အောင်ပန်းမြို့နေအိမ် မှ နှစ်မိုင်ကျော်ဝေးကွာသော မင်းဂူသုသာန်သို့ ပို့ဆောင်ချိန်တွင် မိုးဖွဲဖွဲ ရွာသွန်းလျက်ရှိပြီး နယ်ပယ်ဒေသ အသီးသီးမှ လာရောက်သူ များမှာ ခြေကျင်လိုက်ပါ ပို့ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ မင်းဂူသုသာန်တွင် မီးသဂြိုဟ်ပြီး ကျန်ရှိသည့် အရိုးပြာကို အထိမ်းအမှတ်ဗိမာန် တည်ဆောက်ထားရှိရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် ဗိမာန်တည်ဆောက်မည့်နေရာ ရွေးချယ်သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"အထိမ်းအမှတ်ဂူဗိမာန် ဘယ်မှာလုပ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ လေ့လာဆဲ အဆင့်မှာပဲ ရှိသေးတယ်။ အောင်ပန်းမြို့ အထွက်က တောင်ပေါ်တစ်နေရာမှာ မိသားစုဝင်တွေ အနေနဲ့ သဘောတွေ့ထားတယ်။ ရန်ကုန်မှာလည်း ထားရှိဖို့ အကြံပေးတဲ့ သူတွေလည်း ရှိတယ်" ဟု ဈာပန ကော်မတီဥက္ကဋ္ဌ ဦးအံ့မောင်က ပြောကြားသည်။ ဆရာကြီး ဒဂုန်တာရာ၏ မြေးဖြစ် သူ တေးသံရှင် ဟေမာနေ၀င်းက "ဟေမာနေ၀င်းဆိုတဲ့ နာမည်နဲ့ ကြယ်တစ်ပွင့် မွေးဖွားခြင်း ဆိုတဲ့ တေးစီးရီးနာမည်ကို ဦးလေး (အဘိုး) က ထောင်ထဲက ပေးခဲ့တာ။ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာတာမို့ တော်တော်လေး သံယောဇဉ် ရှိခဲ့ကြတာပါ။ အသက်အရမ်း ကြီးပြီဆိုတော့ တရားနဲ့ပဲ ဖြေပါတယ်" ဟု ပြောကြားသည်။

Eleven Medai Group

No comments:

Post a Comment