Thursday 22 August 2013

ယခုလ နောက်ဆုံးပတ်အတွင်း ဧရာဝတီမြစ်ရေ လေးပေမှ ခြောက်ပေခန့်၊ ချင်းတွင်းမြစ်ရေ ငါးပေမှ ခုနစ်ပေခန့် မြင့်တက်နိုင်

P-22-8
မန္တလေးဆိပ်ကမ်းအနီး ဧရာဝတီမြစ် တစ်နေရာအား သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-စိုးထက်ခိုင်)
ယခုလ နောက်ဆုံးပတ်အတွင်း ဧရာဝတီမြစ်ရေသည် လေးပေမှ ခြောက်ပေ ခန့်၊ ချင်းတွင်းမြစ်ရေသည် ငါးပေမှ ခုနစ်ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် ထားသည်။
သြဂုတ် ၂၁ ရက်မှ ၃၁ ရက်အထိ အကျုံးဝင်သည့် သြဂုတ်လ တတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် လေးပေမှ ခြောက်ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် သုံးပေမှ လေးပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့် လက်ရှိရေမှတ်ထက် မြင့် တက်နိုင်ကြောင်း ခန့်မှန်းထားသည်။

မိုးလယ်ကာလအတွင်း မြစ်ရေကြီးမှု သတိပေးချက်အချို့ ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သော ချင်းတွင်းမြစ် တွင်လည်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် လေးပေမှ ခြောက်ပေခန့် မြင့်တက်လာနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့ ဖြစ်သည်။

ချင်းတွင်းမြစ်ရေသည် ဇူလိုင် ၁၁ ရက်၌ ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၉၁ စင်တီမီတာ(သုံးပေခန့်) တွင် ရောက်ရှိ သဖြင့် မြစ်ရေကြီးခြင်း သတိပေးချက်ကို ထုတ်ပြန်ခဲ့ရသည်။

ယခုနှစ် မိုးလယ်ကာလ ဇူလိုင်လကုန်ပိုင်း၌ မိုးကောင်းခြင်းကြောင့် မြစ်ရေ၊ ချောင်းရေမြင့်တက်ခြင်း ၊ ရေ ကြီးခြင်းကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး စသည့်ဒေသတို့တွင် ကြုံတွေ့ခဲ့ရသည်။

ကရင်ပြည်နယ် မြ၀တီမြို့တွင် သောင်ရင်းမြစ်ရေတက်မှု၊ ကရင်ပြည်နယ် ရှိ ကော့ကရိတ်၊ လှိုင်းဘွဲ စသည့် ဒေသများတွင်လည်း ရေကြီးရေလျှံမှု၊ တနသာင်္ရီတိုင်းဒေသကြီး အတွင်းရှိ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ သံလွင်မြစ်တွင် ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော စင်တီမီတာ ၇၅၀ ကို ကျော်လွန်မှု၊ မွန်ပြည်နယ် ဘီးလင်းမြို့တွင်လည်း မိုးဆက်တိုက်ရွာသွန်း မှုနှင့် တောင်ရေလိမ့်ဆင်းမှု များကြောင့် ရေကြီးရေလျှံမှု၊ ရှမ်းပြည်နယ် တာချီလိတ်မြို့တွင်လည်း မယ်ဆိုင်ချောင်း ရေမြင့်တက်လာမှုတို့ကို ကြုံခဲ့ရသည်။ လက်ရှိင၀န်မြစ်၌ ငါးသိုင်းချောင်းမြို့၊ သံလွင်မြစ်၌ ဘားအံမြို့တို့ စိုးရိမ်ရေမှတ် ကျော်လွန်နေသည်။

Eleven Media Group

No comments:

Post a Comment