Thursday 22 August 2013

ဝါခေါင်လပြည့်နေ့တွင် တောင်ပြုန်းပွဲတော်၌ နတ်နန်းများသို့ လာရောက်ကြသူများ၊ နတ်ကသူများဖြင့် အထူးစည်ကား

AA-22-8
ဝါခေါင်လပြည့်နေ့က တောင်ပြုန်းမင်းနှစ်ပါး နတ်နန်းအတွင်း နတ်ကနေသူများကို တွေ့ရစဉ်
ဝါခေါင်လပြည့်နေ့ တောင်ပြုန်းပွဲတော် နောက်ဆုံးနေ့တွင် နတ်နန်းများသို့ လာရောက်သူများ၊ နတ်ကသူ များဖြင့် အထူးစည်ကားခဲ့ကြောင်း သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ တောင်ပြုန်းကျေးရွာတွင် ကျင်းပနေသည့် တောင်ပြုန်း ပွဲတော် နောက်ဆုံးနေ့အဖြစ် ထိန်ခုတ်ပွဲ ကို မန္တလေးမြို့ အနီးဝန်းကျင်အပြင် နိုင်ငံအနှံ့အပြားမှ လာရောက်သူများပြားခဲ့ပြီး အစည်းကား ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
တောင်ပြုန်း ဆုတောင်းပြည့် ဘုရားပွဲတော်နှင့် မင်းနှစ်ပါးပွဲတော် ကို နှစ်စဉ်ဝါခေါင်လဆန်း ၁၀ ရက် (သြဂုတ် ၁၆) ရက်တွင် ညီလာခံသဘင် ကျင်းပခြင်း၊ လဆန်း ၁၁ ရက် (သြဂုတ် ၁၇) ရက်တွင် ချိုးရေးတော်သုံးပွဲတော်ကျင်းပခြင်း၊ လဆန်း ၁၄ ရက်( သြဂုတ် ၂၀) ရက်တွင် ယုန်ထိုးပွဲတော် ကျင်းပခြင်း၊ လပြည့်နေ့ (သြဂုတ် ၂၁) ရက်တွင် ထိန်ပင်ခုတ် ပွဲတော်များကို ကျင်းပလေ့ရှိကြောင်း သိရသည်။

ယင်ကဲ့သို့ ကျင်းပရာတွင် ပွဲတော်အစ ချိုးရေတော် သုံးသည့်ရက်နှင့် ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ထိန်ပင်ခုတ်ပွဲတော် ကျင်းပသည့်ရက်တွင် ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် မြန်မာနိုင်ငံ ဒေသ အသီးသီးမှ ပွဲတော်လာ ပရိသတ်များဖြင့် စည်ကားလေ့ရှိပြီး ကြားရက်များတွင် မန္တလေးမြို့ အနီးဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်များမှ ပိုမိုသွားရောက် ဆင်နွှဲကြကြောင်း သိရသည်။

"အခုလို တောင်ပြုန်းပွဲတော် ကို မန္တလေးမြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျောက်ဆည်၊ စစ်ကိုင်း၊ မတ္တရာနယ်ဘက်က လာရောက်ကြတာ များတယ်။ ပွဲတော်ရဲ့ ဘယ်ရက်တွေက လူအရမ်း စည်ကားပြီး ကြိတ်ကြိတ်တိုးရတယ်ဆိုတာ သူတို့တွေက သိနေတော့ အခုလို ဘုရားဖူးကြ၊ မင်းနှစ်ပါးကို ပန်းတို့ပိုက်ဆံတို့ ဆက်ကြ၊ ပွဲဈေးတန်းလျှောက် အမှတ်တရ ပစ္စည်းနဲ့ မုန့်ဝယ်ပြီး ပြန်ကြတယ်။ ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ လာရောက်သူ ပိုများပါတယ်" ဟု တောင်ပြုန်းပွဲတော် သို့ နှစ်စဉ် လာရောက်ကာ မလိုင်ကရေကရာ ရောင်းချသူ တစ်ဦးက ပြောကြားသည်။

"ပွဲတော်အစနဲ့ နောက်ဆုံးရက်က နှစ်စဉ်လိုလို လူစည်တတ်တော့ ကြားရက်မှာသွားပြီး ဘုရားဖူး၊ ပန်းဆက်ခဲ့တယ်။ ချိုးရေသုံးတဲ့အစရက်မှာ လာတဲ့သူ အရမ်းများပြီး ကားလမ်းတွေပိတ်၊ လူတွေကျပ် လို့ နေ့ မှာ နောက်ရက်ကျ ဒေသခံတွေ အဖွဲ့တွေနဲ့ ယာဉ်ထိန်းတချို့ အ၀င်လမ်းတွေမှာ လမ်းရှင်းပေးနေ တာ တွေ့ရတယ်" ဟု မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အနောက်ဒေးဝန်း ရပ်ကွက်မှ ဦးအောင်ဆွေ က ပြောကြားသည်။

ယနေ့နောက်ဆုံးနေ့အဖြစ် ကျင်းပသည့် ထိန်ခုတ်ပွဲကို ညနေပိုင်း အချိန်က ရိုးရာအတိုင်း အစဉ်အလာ မပျက် ကျင်းပခဲ့ကြသည်။ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် "ဆုတောင်းရဘုရား" ဆွမ်းတော် ကြီး လောင်းလှူပွဲနှင့် သံဃာတော်များကို ဆွမ်းဆန်စိမ်းနှင့် အခြားအလှူဖွယ် ပစ္စည်းများ ဆပ်ကပ် လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

တောင်ပြုန်းပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ အနေဖြင့် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ မျက်လှည့်ရုံများရှိပြီး ဖိုးချစ်ဇာတ်ပွဲ၊ ဟန်ဇာမိုးဝင်း ဇာတ်ပွဲများကို ၀ါခေါင်လဆန်း ၁၁ ရက်မှစ၍ လပြည့်ကျော် ၁ ရက်အထိ ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment