Thursday 22 August 2013

ထူးကုမ္ပဏီမှ မူဆယ်တွင် လေယာဉ်ကွင်းသစ်ဆောက်ရန် မြေဧက ၅၀၀ ကျော်အထိ ရယူလိုကြောင်း တောင်းခံ

ထူးကုမ္ပဏီများအုပ်စုမှ မူဆယ်မြို့နယ်တွင် လေယာဉ်ကွင်းသစ် တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် လေယာဉ်ကွင်းဆောက်ရန် မြေဧက ၅၀၀ ကျော်အထိ ရယူလိုကြောင်း တင်ပြထား သည်ဟု သိရသည်။
ထူးကုမ္ပဏီများ အုပ်စုသည် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း မြေ ဧရိယာ ဧက ၅၀၀ ကျော် အသုံးပြုခွင့် ပေးနိုင်ရန် တင်ပြ ထားခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ မြေဧက ၅၀၀ ကျော်ထဲတွင် မိုင်းယုသစ်တောကြိုးဝိုင်း အတွင်းမှ မြေဧရိယာဧက ၃၇၀ ကျော် ပါဝင်သည်ဟု သိရသည်။ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ် ကားလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး မြေအသုံးပြုခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယု သစ်တောကြိုးဝိုင်းမြေမှ ဧက ၃၇၀ ကျော် ပါဝင်နေသည့်အတွက် အဆိုပါ သစ်တောကြိုး ၀ိုင်းမြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုရန် အဆင့်ဆင့် ထပ်မံတင်ပြထားကြောင်း သိရသည်။ မူဆယ်မြို့နယ်၊ မိုင်းယု သစ်တောကြိုးဝိုင်း အတွင်းမှ မြေဧရိယာများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက် ခွင့် ပြုပြီးပါက မြေငှားရမ်းခပေးကာ ထူးကုမ္ပဏီများ အုပ်စုမှ ရယူလုပ်ကိုင်သွားရန် စီစဉ် ထားခြင်းဖြစ်ကြောင်း သိရသည်။ ထူးကုမ္ပဏီ အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀ မှစ၍ မိုင်းယုသစ်တော ကြိုးဝိုင်းအတွင်း တည်ထောင်ခဲ့သည့် စိုက်ခင်းများအတွက်လည်း လေယာဉ်ကွင်း ဧရိယာအတွင်း ပါဝင်သည်ဆိုပါက ပေးလျော်ရမည် ဖြစ်သည်ဟု သိရသည်။

လေယာဉ်ကွင်းသစ် တည်ဆောက်ဖြစ်ပါက မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာ အုပ်စုအတွင်း၌ တည်ဆောက်ရန်ရှိပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအဖြစ် သတ်မှတ်ကာ ခွင့်ပြုပေးရန် ရှိသည်ဟုလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment