Thursday 22 August 2013

နိုင်ငံရေး သမားများ၊ ကျောင်းသား များကို နိုင်ငံရေး နှစ် ရှည်ထောင်ဒဏ်၊ ပြစ်ဒဏ်ပေး ခဲ့သည့် အီလက်ထရော နစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေပါ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ်များနှင့် ပတ်သက်၍ ပြင်ဆင်ရေး ဆွဲရန် လွှတ်တော် ၌ ဆွေးနွေးမည်

W-22-8
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်၌ တင်သွင်းစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
နိုင်ငံရေးသမားများ၊ ကျောင်းသားခေါင်းဆောင်များကို နိုင်ငံရေးနှစ်ရှည် ထောင်ဒဏ်၊ ပြစ်ဒဏ်ပေးခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ် ၂၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေ (နိုင်ငံတော် အေး ချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ယခင်မူလ ဥပဒေတွင်ပါဝင်သည့် အခန်း ၁၂ ပြစ်မှုနှင့် ပြစ်ဒဏ်များ အပိုင်းမှ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ် များ နေရာတွင် ငွေဒဏ်များဖြင့် အစားထိုးကာ အဓိက ပြင်ဆင်ထားကြောင်း ဦးသိန်းညွန့်က ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေမှာ အခန်း ၁၃ ခန်းနဲ့ ပုဒ်မပေါင်း ၅၂ ခု ပါဝင်ပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းခဲ့တဲ့ ကာလက လွှတ်တော်ပေါ်ပေါက်ခြင်း မရှိတဲ့ အချိန်ကာလက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလှမ်းကွာဝေးနေတဲ့ အချိန်မှာ ဒီလိုနိုင်ငံရေး အခင်းအကျင်းနောက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့မှာ နိုင်ငံရေး သမားတွေ၊ ကျောင်း သားခေါင်းဆောင်တွေ ကို နိုင်ငံရေးအရ နှစ်ရှည်ထောင်ဒဏ်၊ ပြစ်ဒဏ်ပေးတဲ့ ဥပဒေတစ်ရပ် ဖြစ်ခဲ့တာကို စီရင်ချက်တွေအရ သိရပါတယ်" ဟု ဥပဒေကြမ်းကို တင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ တွင် ပါဝင်သော "မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဆိုသည့် နေရာတွင် "ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ပြင်ဆင်ထားပြီး ကင်းလွတ်ချက် အနေဖြင့် "ယခုပြဋ္ဌာန်းချက်သည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး (သို့မဟုတ်)ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်သော မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်တို့နှင့် မသက်ဆိုင်" ဟု အစားထိုး ပြင်ဆင်ထားသည်။

အီလက်ထရောနစ် ပုဒ်မ ၃၄ တွင် ပါဝင်သော ထောင်ဒဏ်ငါးနှစ် အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် နေရာတွင် ငွေဒဏ်ကျပ် ၅၀ သိန်းမှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်ခြောက်လ ချမှတ်ရမည်ဟု လည်းကောင်း၊ အီလက်ထရောနစ် ပုဒ်မ ၃၇ တွင် ပါဝင်သော ထောင်ဒဏ်တစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် နေရာတွင် ငွေဒဏ်ကျပ် တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင် ပါက ထောင်ဒဏ်သုံးလ ချမှတ်ရမည်" ဟုလည်းကောင်း အခြားသော ပုဒ်မများတွင် ပါဝင်သည့် ပြစ်မှုပြစ်ဒဏ်များကို လည်း ပြင်ဆင်ပယ်ဖျက်ခဲ့သည်။

ဆက်လက်၍ ဦးသိန်းညွန့်က "ဆက်သွယ်ရေးဒုဝန်ကြီး ဦးသောင်းတင် လွှတ်တော်ကို လာတင်ပြထားတာလည်း ရှိပါတယ်။ အဲဒါက ခေတ်စနစ်နဲ့ ပိုမိုလျော်ညီပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ဆောင်ရွက်နိုင်မယ့် e-Commerce ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့ ထူးချွန်ထက်မြက်တဲ့ မြန်မာအိုင်တီ လူငယ်များ၏ တီထွင်မှု စွမ်းအားကို ထုတ်ဖော်နိုင်ရန် အားပေးတဲ့ ဥပဒေတစ်ရပ် ရေးဆွဲသင့်ကြောင်း၊ အဆိုပါ ဥပဒေသစ် မပေါ်ပေါက်မီ ယခုအီလက်ထရောနစ် ဥပဒေတွင် ပါဝင်သည့် အခန်း ၁၂ ပြစ်မှုနှင့် ပြစ်ဒဏ်များ အပိုင်းတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို လိုအပ် ပါက ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ရေးဆွဲသင့်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ယခုဥပဒေကြမ်းကို လွှတ်တော် က ဆွေးနွေးရန် လက်ခံပေးဖို့ တင်ပြအပ်ပါတယ်" ဟု ပြောကြားသည်။

အဆိုပါ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို လွှတ်တော် တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူခဲ့ရာ ကန့်ကွက်မည့်သူ မရှိသဖြင့် လွှတ်တော်က သဘောတူခဲ့သည်။

Eleven Media Group

No comments:

Post a Comment