Tuesday 9 October 2012

RFA မြန်မာဋ္ဌာန ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်း

 

အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်သောအာရှအသံ RFA မြန်မာဋ္ဌာန၏ Facebook စာမျက်နှာ ကို မကြာသေးမီက ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ပုံမှန်ကြည့်ရှုသူ ပရိတ်သတ် Fan အရေအတွက် ၁၇၀၀၀ ကျော်ရှိသည့် ဖေ့စ်ဘွတ်စာမျက်နှာကို မည်သည့် အကြောင်းကြောင့် ပိတ်သိမ်းလိုက်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မကြာသေးမီ ရက်ပိုင်း က RFA သတင်းဋ္ဌာနတွင်း လိင်မှုကိစ္စ ပြဿနာများနှင့် ပတ်သက်သည့် ဝေဘန်ချက်များ ကို ဖေ့စ်ဘွတ် စာမျက်နှာများတွင် ၀င်ရောက်ရေးသားကြမှုနှင့် ဆက်စပ်နိုင်ကြောင်း ယင်းသတင်းဋ္ဌာနမှ အမည်မဖေါ်လို သည့် ၀န်ထမ်းတဦးက YPI သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြီးခဲ့သည့်လကုန် အမေရိကန်ခရီးစဉ်အတွင်း RFAရုံးချုပ်သို့ သွားရောက်လည် ပတ်စဉ် ဋ္ဌာနမှူးဒေါ်ငြိမ်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရုပ်သံအင်တာဗျူး ပြုလုပ်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို RFA Facebook တွင် ဖေါ်ပြခဲ့ပြီးနောက် ဖေ့စ်ဘွတ်သုံးစွဲသူများ က ဒေါ်ငြိမ်းရွှေ ၏  မေးခွန်းများနှင့်ပတ်သက်၍ ပြင်းထန်သည့် ဝေဖန်ချက်များ ရေးသားခဲ့ကြသည်။

ထို့အပြင်RFA ၀ါရှင်တန်ရုံးမှ အသက် ၆၀အရွယ် အိမ်ထောင်သည် အမျိုးသား အယ်ဒီတာတဦးက အသက် ၄၀ကျော် အိမ်ထောင်ရှိ ၀န်ထမ်းအမျိုးသမီးနှစ်ဦးနှင့် လိင်မှုဆိုင်ရာအရှုပ်တော်ပုံ ပေါ်ပေါက် ခဲ့ပြီးနောက် ဋ္ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ရှိခဲ့သည်ဟု အမည်မဖေါ်သူ ၀န်ထမ်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် RFA ၀န်ထမ်းများ အမှတ်တရ တွဲရိုက်ထားသည့် ဓါတ်ပုံကို RFA Facebook တွင်ဖေါ်ပြခဲ့ရာ ၄င်းဓါတ်ပုံအောက်တွင် လိင်မှုအရှုပ်တော်ပုံနှင့်ပတ်သက်သူများအား ဝေဖန်လှောင်ပြောင် သည့် မှတ်ချက်များ ရေးသားကြသည်ကိုတွေ့ရသည်။ ယင်းကဲ့သို့ ဝေဖန်မှတ်ချက်များ ဖေါ်ပြထားသည်ကို ရက်အတန်ကြာ တွေ့ရပြီးသည့်နောက် RFA Facebook စာမျက်နှာ ရုတ်တရက် ကွယ်ပျောက် သွားခြင်းဖြစ်သည်။

RFA ပရိသတ်များ ဆက်သွယ်ရန် ပေးထားသည့် burmese@rfa.org အီးမေးလ်လိပ်စာသို့ YPI ဆက်သွယ်မေးမြန်းသော်လည်းမေးလ် လိပ်စာမှားယွင်းသည်ဟုသာ အကြောင်းပြန်လာ သည် ကိုတွေ့ရသည်။

အမည်မဖေါ်လိုသည့် RFA ၀န်ထမ်းတဦးက YPI သို့ ပြောကြားရာတွင် RFA မြန်မာဌာနကို ပြန်လည်ဖွဲ့စည်း လိုသည့် အကြောင်းပြချက်ဖြင့် အောက်တိုဘာလအကုန်ပိုင်းတွင် RFA ၀န်ထမ်း ၄ဦးအား အလုပ်မှ ထုတ်ပစ်မည်ဟုဆိုသည်။ ရန်ကုန်မြို့တွင် RFA မြန်မာဌာနရုံးခွဲကို ဖွင့်လှစ် လည်ပတ်နေပြီဖြစ်၍ ၀ါရှင်တန်ရုံးချုပ်တွင် ၀န်ထမ်းအများအပြားမလိုတော့ပဲ ဌာနကို ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဌာနမှူးအပါအဝင် အထက်အရာရှိများက RFA ၀န်ထမ်းများအားရှင်းပြခဲ့ကြောင်း သို့ရာတွင် ဋ္ဌာနတွင်း အရှုပ်တော်ပုံကိစ္စကို မြန်မာဋ္ဌာန၏အထက်သို့ တိုင်ကြားသည်ဟု မသင်္ကာသူများအား အကြောင်းပြဖြုတ် ထုတ်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်ဟု သူ့အနေဖြင့် ယူဆကြောင်း ပြောသည်။

RFA “လွတ်လပ်သည့် အာရှအသံ”သတင်းဋ္ဌာန၏ ရည်ရွယ်ချက်မှာ သတင်းလွတ်လပ်ခွင့်မရှိသည့် အာရှတိုက် ရှိ အာဏာရှင် နိုင်ငံများ ကွန်မြူနစ်နိုင်ငံများသို့ ရေဒီယို ရုပ်သံမှတဆင့် သတင်းအချက် အလက်များ သုံးသပ်ချက်များကို ထုတ်လွှင့်ပေးရန် ဖြစ်ကာ ဒီမိုကရေစီ အရ သတင်းလွတ်လပ်ခွင့် ရရှိပြီးသည့်နောက်တွင် ဖျက်သိမ်းသည့် သာဓကများ ရှိခဲ့သည်။ ။

ref:YPI

No comments:

Post a Comment