Tuesday 9 October 2012

မောင်တောမြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ(၁၄၄) အတွက် အချိန်လျော့ပေါ့မှု ထပ်မံပြုလုပ်


မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဘက်မှုကြောင့် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိညမထွက်ရအမိန့် အား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ (၈) ရက်နေ့ တွင် ည ၁၀ နာရီ မှ နံနက် ၄ နာရီသို့ လျှော့ချလိုက် ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်မှာ လေးလတာ ကာလသို့ ရောက်ရှိ လာပြီ ဖြစ်သောကြောင့် ဒေသတွင်း ထုတ်ပြန် ထားသည့် ပုဒ်မ (၁၄၄)ကို လေးနာရီ ထပ်မံလျော့ ချ ပေးလိုက်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ အောက်တိုဘာလ ၈ ရက် နေ့ ညနေ ၆ နာရီအချိန်တွင် ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်ပါသည်။

ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားပြီး နှစ်လအကြာ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် ညမထွက်ရအမိန့်အား ညနေ(၇)နာရီမှ နံနက်(၅)နာရီထိ အချိန်(၂)နာရီလျော့ချပေးခဲ့သည်။


ရခိုင်ပြည်နယ်တွင် စစ်တပ်၊ နစက၊ ရဲတပ်ရင်း၊ ရဲတပ်ဖွဲ့ ဝင်များဖြင့် အင်အားအပြည့် ချထားနိုင် မှု၊ ဒေသ ဆိုင်ရာ အဖွဲ့အစည်းများမှ စနစ်တကျ ထိန်းသိမ်း ကြပ်မတ်နိုင်မှု တို့ကြောင့် ဒေသတွင်း တည်ငြိမ် အေးချမ်း မှုအတန်အသင့် ရှိလာပြီ ဖြစ်သည့်အတွက် ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် အစား ယခုကဲ့သို့လျှော့ချလိုက်ခြင်းဖြစ်ကြောင်းနှင့် နောက်ထပ် အမိန့်တစ်စုံတစ်ရာ မရမချင်း ယခုအမိန့် သည် အတည်ဖြစ်ကြောင်းလည်းသိရသည်။


ရခိုင်ပြည်နယ် သံတွဲမြို့တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကိုလည်း များမကြာမီ အချိန်တွင် ရုပ်သိမ်းသွားရန် ရှိကြောင်းလည်း ရခိုင်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


ref: EMG

No comments:

Post a Comment