Tuesday 9 October 2012

မုံရွာတွင်ဆိုင်ကယ်တိုက်မှုတစ်နေ့တခြားပိုများ

စစ်ကိုင်းတိုင်းဒေသကြီးရှိ လူဦးရေ တစ်သိန်းခြောက်သောင်းခန့် နေထိုင် သော အထက်ချင်းတွင်း စီးပွားရေး မြို့တော် မုံရွာတွင် ဆိုင်ကယ်စီးရေ တိုးပွားလာခြင်း နှင့်အတူ ဆိုင်ကယ်တိုက်မှုများ တစ်နေ့တခြား ပိုမို များပြားလာလျှက် ရှိကြောင်း ယာဉ်ထိန်းရဲ အရာရှိ တစ်ဦးက ပြောကြားသည်။

အဓိကမှာ လူသွားလူလာများသော လမ်းများ အလွန် ကျဉ်းမြောင်းခြင်း နှင့် ဆိုင်ကယ်ဦးရေ တိုးပွားလာနေမှု များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားလျှက် ရှိခြင်းဖြစ်ပြီး ဆိုင်ကယ်တိုက်မှုများ တိုးပွားလာနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မုံရွာမြို့တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည့် လွန်ခဲ့သော ငါး နှစ်အချိန်က တစ်ပတ်လျှင် ယာဉ်တိုက်မှု ၁ မှု သာ ဖြစ်ပွားခဲ့ပြီး၊ လက်ရှိ အချိန်တွင် သုံး ရက်လျှင် တစ်မှုနီးပါး ဖြစ်ပွားလာကြောင်း နှင့် သွားလာမှုများသည့် ကျောက္ကာလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အဖြစ်များကြောင်း ၄င်းက ဆိုသည်။

မုံရွာပြည်သူ့ဆေးရုံကြီးသို့ ယာဉ်တိုက်မှုကြောင့် ရောက်ရှိလာသည့် လူနာ အလွန်များပြားပြီး အများစုမှာ ဆိုင်ကယ်တိုက်မှုများဖြင့် ရောက်ရှိလာသူ များဖြစ်ကြောင်း ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ဆိုင်ကယ် မှတ်ပုံတင်ခြင်းကာလကို တစ်လ တိုးမြှင့်ထားပြီး စစ်ကိုင်းတိုင်း အတွင်း မှတ်ပုံတင်ပြီး ဆိုင်ကယ် အရေအတွက်မှာ အောက်တိုဘာလ၂ရက်နေ့အထိ သုံးသိန်းငါးသောင်းကျော် ရှိကြောင်း မုံရွာမြို့ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။

မုံရွာမြို့ရှိ အဓိက လမ်းမကြီးများ ဖြစ်သော သာစည်လမ်းနှင့် ကျောက္ကာလမ်းများမှာ မြို့လယ်သို့သာ ဦးတည်နေပြီး ဆိုင်ကယ်နှင့် ယာဉ်များသည် ယင်းလမ်းမကြီးများ ပေါ်တွင်သာ စုပုံနေကြောင်းနှင့် ယင်းလမ်း မ ကြီးများပေါ်တွင် ရှုပ်ထွေးမှု လျှော့ချနိုင်ရန် လမ်းမကြီးများအား အဆင့်မြှင့်တင်ပေးခြင်းနှင့် လမ်းသစ်များ ဖောက်လုပ်ခြင်းတို့ ပြုလုပ်သင့်ကြောင်း၊ မြို့၏ အရှေ့အနောက်သွားသော လမ်းမကြီး တစ်လမ်းကို မြို့အတွင်းမှ မြို့ပတ်လမ်း အထိ ကျောက္ကာလမ်းမကြီးနှင့် အပြိုင် အသစ်ဖောက်လုပ်ရန် စက်တင်ဘာလအတွင်း မြို့တော်ခန်းမတွင် ပြုလုပ် သော မြို့ပြ ဖွဲ့စည်းတည်ဆောက်မှု စီမံကိန်းများ အကောင်အထည်ဖော်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် မြို့ပြစီမံကိန်း ပညာရှင် ဒေါ်အေးအေးမြင့်က အဆိုပြု ပြောကြားခဲ့သည်။

မုံရွာမြို့သို့ တရုတ်နိုင်ငံ ထုတ် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များမှာ နေ့စဉ် ဝင်ရောက်လျှက်ရှိပြီး ယခင်က တရုတ်နိုင်ငံ နယ်စပ်မှ ကိုယ်တိုင်သွားစီးပြီး ခိုးသွင်းလာသည့် ဆိုင်ကယ်များ ရှိခဲ့ရာ၊ လက်ရှိ အချိန်တွင် ဆိုင်ကယ် တစ်စီးလုံးအား ဂျပ်ပုံးများဖြင့် ထုပ်ပိုး၍ တင်သွင်းကြောင်း ဆိုင်ကယ်ဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
 
ref:thevoiceweekly

No comments:

Post a Comment