Tuesday 9 October 2012

ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှ ဒီမိုကရေစီရောင်းရင်းနှစ်ဦး

 


အောက်တိုဘာ၇ရက်ထုတ် The Voice Weekyဂျာနယ်အတွဲ(၈) မှတ်(၄၀)

အခုဖော်ပြပါဆောင်းပါးမှာ နာမည်ကျော် အမေရိကန် သတင်းစာ တစ်စောင်ဖြစ်သော နယူးယောက်တိုင်းမ် ၏ ပင်တိုင်ဆောင်းပါးရှင် Bill Keller အင်တာဗျူး တစ်ပုဒ် အနက်မှ အချို့ကို မှီငြမ်း ကောက်နုတ် ဘာ သာပြန် ဆိုထားခြင်း ဖြစ်ပါ သည်။ Bill Keller သည် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိ ကန်ပြည်ထောင် စု ခရီးစဉ်တွင် ၎င်းကို သွားရောက်တွေ့ဆုံ၍ မေးခွန်း အတော်များများ မေးမြန်းခဲ့သလို တစ်ချိန်တည်း မှာပင်အဆိုပါ နိုင်ငံသို့ ရောက်ရှိနေခဲ့သည့်ဒေါ်အောင် ဆန်းစုကြည်နှင့် လည်း တွေ့ဆုံခဲ့ သည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း မတူညီသည်များ ကို ဘေးချိတ်ပြီး တူညီသည်များကို အပေးအယူ မျှစွာဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် Bill Kellerက 'The Burmese Odd Cople' ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့်ဆောင်းပါးကို 'ပြုပြင်ပြောင်းလဲရေး ခေတ်သစ်မှ တစ်မူထူးခြားသည့် ဒီမို ကရေစီ ရောင်းရင်းနှစ်ဦး' ဟု ဆီလျော်အောင် မြန်မာမှု ပြုလိုက်ပါသည်။

မြန်မာပြည်၏ ဂိုဘာချော့ဗ်နှင့် နယ်လ်ဆင် မင်ဒဲလား

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ ကံကြမ္မာ အလှည့်အပြောင်းမှာ အံ့အားသင့်လောက် စရာေ ကာင်းအောင် ကောင်းမွန်လှသည်ဟုပင် ဆို၍ ရပါသည်။ အကြောင်းမှာ အဆိုပါ အလှည့် အပြောင်းက လူကြိုက်များ ထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင်ကြီး နှစ်ဦးဖြစ်သော နယ်လ်ဆင် မင်ဒဲလား (တောင်အာ ဖရိက)နှင့် မီခေးလ် ဂိုဘာချော့ဗ်(ရုရှား) ကဲ့သို့သော ပုဂ္ဂိုလ်နှစ်ဦးကိုပါ တစ်ပြိုင်တည်း ထွက်ပေါ်အောင် ဖန်တီးပေးလိုက်နိုင်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ နယ်လ်ဆင် မင်ဒဲလားနှင့်တူ သူမှာ ဒေါ်အောင်ဆန်း စုကြည်ဖြစ်ပြီး ဂိုဘာချော့ဗ်ကြီးနှင့်တူသူမှာ ပြုပြင်ပြောင်းလဲရေး သမ္မတကြီး ဦးသိန်းစိန်ပင် ဖြစ်သည်။ သူတို့ နှစ် ဦး ကို ဤမျှလောက်သော ပုဂ္ဂိုလ်မျိုးများနှင့် နှိုင်းယှဉ်လောက်စရာ လိုသလောဟု မေးလာ လျှင် နှိုင်းယှဉ် ရန် လျော်ကန်သင့်မြတ် လှပါသည်ဟုပင် ဖြေရပါလိမ့်မည်။

အတိုက်အခံ ခေါင်းဆောင်တစ်ဦးအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာရပ်တည်ခဲ့သူ
ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး အမျာြး ပည်သူ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် အများပြည်သူ လွတ်လပ်မှု ရှိရေးတို့အတွက် ကိုယ်ပိုင် လွတ် လပ် ခွင့်များ ကို လက်လွတ်ခံကာ ၁၅ နှစ်ခန့်မျှ နေအိမ် အကျယ်ချုပ် ကျခံခဲ့သည်။ နိုင်ငံတကာမှ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ကမ္ဘာ့ခေါင်းဆောင် အများစု (အထူးသဖြင့် အနောက် ကမ္ဘာနိုင် ငံ ခေါင်းဆောင်များ)၏ ထောက်ခံမှုများ ရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်နှစ်သက် သူများက 'တိုင်းပြည် ကို ဦးဆောင်ဖို့မွေးဖွားလာသူ' တစ်ဦးအဖြစ် ရည်ညွှန်းကြသည်။ အောက်စဖို့ဒ် တက္ကသိုလ် ထွက်၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်၊ ဘာသာစကား သုံးလေးမျိုး ပြောတတ်သူ အစရှိသည် တို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး၏ ပြယုဂ်ကို ပိုမိုရွှန်းလဲ့ တောက်ပြောင်စေသည်။

သမ္မတကြီး ဦးသိန်းစိန်မှာ မူ ပြည်တွင်း၊ ပြည်ပ အသိုင်းအ၀ိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည်လောက် ပုဂ္ဂိုလ်ရေး နာမည်ကျော်ကြားမှု မရှိသော် လည်း ၎င်းသမ္မတ ဖြစ်လာသည့် သက်တမ်းတစ်လျှောက် ဒီမိုကရေစီရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ရပ်များကို အစွမ်းကုန် လုပ် ကိုင်ပြနိုင်ခြင်းကြောင့် မြန်မာပြည်သူ လူထုနှင့် ကမ္ဘာ့ခေါင်း ဆောင်ကြီးများ၏ အံ့သြတကြီး ချီးမွမ်းမှုကို ခံထား ရသူ ဖြစ်သည်။

သမ္မတကြီးဦးသိန်းစိန်၏ အထင်ရှားဆုံးပြယုဂ်မှာ 'ရိုးသားမှု'ပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရချိန်က တောင်ကိုရီးယား သတင်းစာအချို့က 'Mr.Clean- ဦးသန့်ရှင်း' ဟုပင် တင်စားရေးသားခဲ့ကြသည်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ ဟိုင်းကြီးကျွန်း အနီးရှိ ကျေးရွာလေး တစ်ခု ၌ မွေးဖွားကြီးပြင်း ခဲ့သူဖြစ်ပြီး မိဘများမှာ တောင်သူလယ်သမားများ ဖြစ်ကြသည်။ Bill Keller နှင့် ပြုလုပ်သော အင်တာဗျူးတွင် "ကျွန်တော် ဟာ အည တရ ဘဝက လာတာပါ" ဟု စတင်ပြော ဆိုသည်။

အထက်တန်းကျောင်း မဆိုထားဘိ၊ အလယ်တန်းကျောင်းပင် မရှိသော အဆိုပါ ကျေးရွာလေးတွင် မူလ တန်း အောင်သောအခါ ရွာနှင့် မိုင်ပေါင်း ၄၀ မှ ၅၀ ခန့် ဝေးကွာသည့် နေရာတွင် ရှိသည့် အလယ် တန်းကျောင်း ၌ သုံးနှစ်ခန့် တက်ခဲ့ရသည်။ ထို့နောက် ပုသိမ်မြို့တွင် သုံးနှစ်ခန့် ကျောင်းတက် ခဲ့ရ သည်။ ကျောင်းပြီးသောအခါ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ရောက် ဖြေဆိုရာ အောင်မြင် ခဲ့သည်။

ဗိုလ်လောင်း သင်တန်းတွင် လေးနှစ် တက်ရောက်ခဲ့ပြီးနောက် ဝိဇ္ဇာဘွဲ့ရရှိကာ ဒုဗိုလ်ဖြစ် လာ သည်။ မြန်မာနိုင်ငံကို နှစ်ကာလ ကြာမြင့်စွာ ပိတ်ဆို့ အရေးယူထားခဲ့သော အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများအား အံ့အားသင့်စေခဲ့သည့် အချက်မှာ သမ္မတကြီး ဦးသိန်းစိန်သည် တိုင်းပြည်ကို တင်းကျပ်စွာအုပ်ချုပ်သည့် တပ်မတော်(စစ်ဘက်) အစိုးရမှ ထွက်ပေါ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်သည့်တိုင် အချိန်ကာလတိုအတွင်း နိုင်ငံရေးနှင့် စီး ပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်ပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့သော် ပုဂ္ဂိုလ်ရေး သမိုင်းကြောင်း ကို ပြန်ကြည့်မည် ဆိုပါက ဦးသိန်းစိန်သည် နာမည်ကောင်းတစ်လုံးကို အစဉ်အဆက် ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

တူညီသော အမြင်များ

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူညီသော နောက်ခံသမိုင်းကြောင်းများနှင့် လူမှု ဘဝများကို ဖြတ် သန်းခဲ့သော်ငြား တိုင်းပြည် ကောင်းစားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ်၌ တူညီသော အမြင်များ ရှိကြသည်။ ယင်းမှာ စစ်အာဏာရှင်စနစ်သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်ဟူသောအချက် ဖြစ်သည်။ ထို့ပြင် တိုင်းပြည် ခိုင်မာတောင့် တင်းရေးနှင့် မြန်မာနိုင်ငံ က ပေးထားသောကတိများအတိုင်း အမှန်တကယ် ဖြစ်အောင် အကောင်အ ထည်ဖော် ဆောင်ရွက်ရေးဟူ သည့်ကိစ္စမှာ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်အချို့၏ ပုဂ္ဂိုလ်ရေး အရည်အသွေးများ ပေါ်တွင် မူတည်မှု မရှိဘဲ အင်စတီကျူးရှင်းကြီးများနှင့် ဒီမိုကရေစီ အလေ့အထ၊ ဒီမိုကရေစီ ယဉ်ကျေးမှု ဖော်ဆောင်နိုင်မှု အပေါ်တွင်သာ မူတည်သည် ဟူသောအချက်ကို ၎င်းတို့ နှစ်ဦးစလုံးက တူညီစွာ နားလည်သဘောပေါက် ထားသည်မှာ အားရကျေနပ်စရာပင်ဖြစ်သည်။ အဆိုပါ အမြင်များမှာ ခေါင်းဆောင်ပိုင်းများ အတွက် မရှိမဖြစ် လိုအပ် ပြီး လက်တွေ့ကျသည့် အမြင်များ ဟုလည်း ဆိုနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မှတ်သားစရာ အကောင်းဆုံးသော အချက်တစ်ခုမှာ ဒီမိုကရေ စီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ပြယုဂ် ဖြစ်ခြင်းနှင့် နိုင်ငံရေးသမား တစ်ဦးဖြစ်ရခြင်းဟူသည့် အနေအ ထားနှစ် မျိုး ကွဲပြားခြားနားပုံကို အချိန်တိုတွင်း လျင်မြန်စွာ နားလည် သဘောပေါက်နိုင်ခြင်း ပင် ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေးသမားအားလုံး တရားမျှတမှု မရှိသည်ကိုသာ မြင်လေ့ရှိကြသော် လည်း စေ့စပ် ညှိနှိုင်းမှုများ၏ ကောင်းကွက်ကို တွေ့မြင်နိုင်သူမှာ အနည်းငယ်သာ ရှိသည်မဟုတ်ပါလော။ တစ်ချိန် က တောင် အာ ဖရိကမှ ဒီမိုကရေစီ ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားသည် နှစ် ပေါင်း ၂၇ နှစ်ခန့် အကျဉ်းထောင် တွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။ သို့သော် ထိုသို့ ၂၇ နှစ်တိတိ ဖမ်းဆီးအကျဉ်း ကျခံ ရုံဖြင့် တောင် အာဖရိက နိုင်ငံကို ကယ်တင်မှု မပြုနိုင်ပေ။

မစ္စတာ မင်ဒဲလားသည် ၂၇ နှစ် အကျဉ်းကျခံခဲ့မှုနှင့် အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် အာဏာ ခွဲဝေရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်မှု နှစ်ခုပေါင်းမှသာ တောင်အာဖရိကနိုင်ငံကို ကယ်တင်နိုင် ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် ပြီးနောက် အချိန်တို ကာလပိုင်း အတွင်းမှာပင် မိမိနှင့် မိမိ၏ နိုင်ငံရေးပါတီ အနေအထားနှင့် ရှုပ်ထွေး နက်နဲ လှသော မြန်မာ့နိုင် ငံရေး အခြေအနေကို ကောင်းစွာ နားလည်သဘော ပေါက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်(NLD)ကို ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ် ပြိုင်စေသည်။

သို့အတွက်ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံရေး စီးကြောင်းထဲသို့ ရောက်ရှိလာသည်။ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့ အတွက် သူမအနေဖြင့် တာဝန်ခံယူ၍ ပူးပေါင်း လုပ်ကိုင်ပေးနိုင်သည်များကို ကမ်းလှမ်းခဲ့ ကာ နှစ် ဦးနှစ် ဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ယူသည်။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အတွက် ဧရာမ အဟန့်အတား ကြီးများ ဖြစ်နေသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေး အတွက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့ကို တစ်ဖက်တစ်လမ်းမှ နေ၍ ဆော်သြပေးသည်။

ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာ၌ အတိတ်ဆီက ဒဏ်ရာ ဒဏ်ချက်များ အတွက် လက်တုံ့ပြန်မှုများ လုံးဝ မရှိနိုင် ဟူသော အချက်ကို စစ်တပ်ဘက်က လက်သင့် ခံလာအောင် လုပ်ကိုင်ရန် လိုအပ်ပုံကို ထုတ်ဖော်ပြောဆို လာသည်။ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးတွင် မည် သည့် ကိစ္စ က အန္တရာယ်တစ်ရပ်သ ဖွယ် ဖြစ်လာ နိုင်သနည်းဟု မေးမြန်းရာ တွင် ဒေါ်အောင်ဆန်း စုကြည်က အနိုင် ရယူလိုသူများ၊ ရန်လိုသူများကို အန္တရာယ်များ စာရင်းတွင် ထိပ်ဆုံး၌ ထားရှိ ထားကြောင်း ပြောဆို သည်။

ဗိုလ်ချုပ်မှူးကြီး၏ ပရိုဂရမ်

သူတို့ နှစ်ဦး စလုံး၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် သမ္မတကြီး ဦးသိန်းစိန် ထက် ဒေါ် အောင် ဆန်းစုကြည်ကို အမေရိကန် အစိုးရ အရာရှိကြီးများ၊ ကွန်ဂရက် လွှတ်တော်အမတ်များ သာမ က ပြည်သူများကပါ ပို၍ သောင်းသောင်းဖြဖြကြိုဆိုကြသည်မှာ နားလည်ပေး၍ ရနိုင်သော အေ ကြာင်း ကိစ္စ တစ်ခုပင် ဖြစ်သည်။ သို့သော် သမ္မတ ကြီး ဦးသိန်းစိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်များနှင့် ဒီမိုကေ ရစီ တည်ဆောက်ရေး လုပ်ငန်းများကို အာရပ် ကမ္ဘာနိုင်ငံများနှင့် မတူဘဲ သွေးထွက် သံယိုဖြစ်မှု၊ ဆူပူ အကြမ်း ဖက် မှုများ မရှိအောင် လုပ်ကိုင်ပြနိုင် ခဲ့သည့် အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် လာသော နိုင်ငံခေါင်းဆောင်များ၊ ပညာရှင်များနှင့် လေ့လာစောင့်ကြည့်သူများ ၏ ကောင်း ချီးသြဘာပေးခြင်းကို ခံခဲ့ရပါသည်။သူသည်တစ်နှစ်ခွဲခန့်မျှသာရှိသော သမ္မတသက်တမ်း အတွင်း နိုင်ငံရေး အကျဉ်းသား အမြောက်အမြားကို လွှတ်ပေးခြင်း၊ အတိုက်အခံ အင်အားစု များ ရွေးကောက် ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင် လာအောင် ကောင်းစွာ စည်းရုံးခြင်း၊ ပညာရှင်များ ပါဝင်သည့် 'မင်းတိုင်ပင် အဖွဲ့' ကဲ့သို့သော အသိုင်း အ၀ိုင်းတစ်ခုကို ထူထောင်ခြင်း၊ အနောက်နိုင်ငံ ဆက်ဆံရေးတွင် လိုက်လျောပေး မှုများ ပြုလုပ်ခြင်းတို့ကို လုပ်ကိုင်ခဲ့သဖြင့် ကမ္ဘာ့အသိုင်းအဝိုင်း တစ်ခုလုံး၏ ချီးမွမ်း ပြောဆိုမှုကို ရရှိ ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ သမ္မတကြီး ဦးသိန်းစိန်သည် မိမိတို့နှင့်အတူ အလုပ်တွဲ လုပ်၍ရနိုင်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အဘယ့်ကြောင့် ဤမျှ မြန်ဆန်စွာ အပြောင်း အလဲ များ ဖြစ်ပေါ်ရသနည်း။ ယခင် အတိတ်တုန်းက ပြောင်းလဲမှုများ မပြုလုပ်ဘဲ အဘယ့် ကြောင့် ယခုမှ လုပ်ဆောင် ရသနည်း။ ပိတ်ဆို့ အရေးယူမှု များကြောင့်လော၊ သို့မဟုတ် အာရ ပ်နွေဦး တော် လှန်ေ ရးကြောင့်လော ဟူသည့် မေးခွန်း များမှာ ပြည် တွင်း၊ ပြည်ပမှ လေ့ လာေ စာင့်ကြည့် သူများ အထူး စိတ်ဝင်စားကြ သည့် မေးခွန်း များပင် ဖြစ်သည်။ "အစပိုင်း ကတည်းက ပြည်သူတွေ ဒီမိုကရေစီ စနစ်ကို လိုလားတောင့်တလျက် ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိထားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပြောင်း အလဲတွေကို ရုတ်ခြည်း ဖော်ဆောင်ပေးမှု မပြုချင်ခဲ့ပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အန္တ ရာယ်ဖြစ်မှာ စိုး လို့ပါ။ ကျွန်တော်တို့ တိုင်းပြည်က ပြုပြင် ပြောင်းလဲမှုတွေဟာ တဖြည်းဖြည်းချင်းနဲ့ ပုံမှန် လုပ်ဆောင်ခဲ့ရတာပါ။

ဒါပေမဲ့ ကျွန်တော်တို့ အကောင်အထည် ဖော်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက အလိုရှိလို့။ အာရပ်နွေဦး တော်လှန်ရေး ဒါမှမဟုတ် တခြားကိစ္စ တစ်ခုခုကြောင့် လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး" ဟု သမ္မတကြီးက ပြောဆိုသည်။ မြန်မာစစ်ဘက် ဗိုလ်ချုပ်ကြီးများသည် အမေရိကန်နှင့် အနောက်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ပြုပြင် ပြောင်းလဲရေးဘက်သို့ ဦးတည်ခဲ့ခြင်း ဟုတ်၊မဟုတ် မေးမြန်းမှုနှင့် ပတ်သက် ၍ 'မဟုတ်ပါ' ဟု ငြင်းဆိုပြီး ယခင် စစ်ဘက် ခေါင်းဆောင်များအနေဖြင့် ယခုကဲ့သို့ ဒီမို ကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ရန် ဆယ်စုနှစ် ၂ ခုတာမျှ အချိန်ယူကာ အစီ အစဉ် ရေး ဆွဲခဲ့ခြင်း သာ ဖြစ်သည်ဟု ရှင်းပြသည်။ Asia Society တွင်ပြုလုပ်သော ဖိုရမ်၌လည်း သမ္မတကြီး က အလားတူ အဖြေမျိုးပေးသည်။ "မော်တော် ကားတစ်စီးကို နှိုင်းယှဉ် ဆင်ခြင်စရာတစ်ခုအနေနဲ့ ကျွန်တော် ပြော လို ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အရှိန် ပြင်းပြင်းမောင်းပြီး ရုတ်တ ရက် ပြန်ကွေ့လို့ရတဲ့ မော်တော်ကားလို မဟုတ်ပါဘူး။ အဲဒီ အသွင်ကူးပြောင်း မှု ဖြစ် စဉ် ပေါ်ပေါက် လာဖို့ ဆယ်စုနှစ် ၂ ခုလောက် ကျွန် တော်တို့ အချိန်ယူခဲ့ရပါတယ်" ။

သမ္မတကြီး၏ ရှင်းလင်း ဖြေကြားချက်ကို ကြည့်မည်ဆိုပါက လက်ရှိ နိုင်ငံတကာ အသိုင်းအဝိုင်းအား များစွာအံ့အား သင့်စေပြီး ကမ္ဘာ့ ခေါင်း ဆောင်များ အားလုံးနီးပါးက ချီးမွမ်းကြိုဆိုကြသည်အထိ ဖြစ်ခဲ့သော လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်း စဉ်တို့မှာ ယခင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ (ယခုအငြိမ်းစား) ဦးဆောင်သည့် တပ်မတော်အစိုးရ လက်ထက်ကတည်းက အပီအပြင် ရေးဆွဲထားသည့် ပရိုဂရမ်(Programme)၊ တစ်နည်းအားဖြင့် အစီအစဉ်ဟု ဆို၍ ရနိုင်ပါသည်။

အဆိုပါ ပရိုဂရမ် မည်မျှ အတိုင်းအတာ အထိ အောင်မြင်နိုင်မည်၊ ဖြစ်ထွန်းနိုင်မည်၊ မည်မျှ အတိုင်းအတာ အထိ တာရှည်ခံနိုင်မည်ဟူသည်မှာ ဒီမိုကရေစီ လက်တွဲဖော် နှစ်ဦးဖြစ်သည့် သမ္မတကြီး ဦးသိန်း စိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသာမက မြန်မာ့နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေ သူများ အားလုံးအပေါ်တွင် များစွာမူတည်နေ သည်မှာ ငြင်း၍ရမည် မဟုတ်ပါ။ Georgetown University မှ ပညာရှင် ဒေးဗစ်စတိန်းဘဂ်က ယခုအချိန်သည် နာကြည်း မုန်းတီးမှုများ ရှိနေသော မြန်မာတို့ အနေဖြင့် စစ်မှန်သော တရားမျှတမှု ရရှိရန် အမေရိကန် ကွန်ဂရက်ကို အားကိုး နေမှု မပြုတော့ဘဲ မိမိအစိုးရကိုသာ အားကိုးရမည့် အချိန်သမယပင်ဖြစ်ကြောင်း အကြံပြု ပြောဆိုသည်။ ဒေါ်အောင်ဆန်း စုကြည်ကမူ လတ်တလော အခြေအနေများနှင့် ပတ်သက်၍ယခုလို နိဂုံးချုပ်ပြောဆိုသည်။ "လက်ရှိအချိန်ဟာ ကျွန်မတို့အနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေတဲ့အချိန်လို့ ထင်ပါတယ်"။

No comments:

Post a Comment