Friday 7 September 2012

 မန္တလေး-ဂန့်ဂေါ-ကလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်အစီးရေ ၁၀၀ နီးပါး သွားလာမှု ရပ်ဆိုင်းထားရ



မန္တလေး-ပခုက္ကူ-စလင်း-ဂန့်ဂေါ-ကလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် စုစုပေါင်း ယာဉ်အစီးရေ ၁၀၀နီးပါး ယာဉ်အသွားအလာ ရပ်ဆိုင်းထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။


အဆိုပါယမားချောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စလင်းကြီးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ကြားတွင် တည်ရှိကြောင်းလည်း သိရှိရသည်။

ယမားချောင်းရေကြီးမှုနှင့် စပ်လျဉ်း၍ ''ဒီယမားချောင်းက မန္တလေး-ပခုက္ကူ-စလင်း-ဂန့်ဂေါ-ကလေး   ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှိပါတယ်။ ခါတိုင်းရာသီတွေ မှာလည်း ဒီလမ်းကပဲသွားရင် ယမားချောင်းထဲဖြတ်ဆင်းပြီး ကား တွေက သွားရလာရပါတယ်။ မိုးတွင်းဘက်လည်း ဒီချောင်းထဲဖြတ် ဆင်းပြီး သွားရတာပါ။ စက်တင်ဘာ ၄ ရက်နေ့ညက မိုးအရမ်းရွာတော့ တောင်ကျချောင်းရေတွေကြောင့် ၅ ရက်နေ့ မနက်လည်း ရောက်ရော ယမားချောင်းရေကြီးပြီး ကားတွေ လုံးဝဖြတ်မရတော့ဘူး။ ခရီးသည်တင်ကားတွေရော ကုန်ကားတွေရော ယာဉ်သွားလာမှုအားလုံး ရပ်ဆိုင်းသွားခဲ့တာပါ''ဟုလည်း မြိုင်မြို့နယ်မှ ကုန်ကားပိတ်ရှင် ကိုသက်နိုင်ဦးက ပြောကြားခဲ့သည်။

စက်တင်ဘာ ၅ ရက်နေ့ ၊မနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အဆိုပါရေကြီးမှုဖြစ်စဉ်ကြောင့် ၅ရက်နေ့ ညနေပိုင်း၌ ယမားချောင်း တစ်ဘက်စီ၌ ယာဉ်အစီးရေ ၅၀ခန့်ဖြင့် စုစုပေါင်း ကုန်တင်ယာဉ်နှင့် ခရီးသည်တင် ယာဉ်အစီးရေ ၁၀၀ခန့် ယာဉ်သွားလာမှုရပ်ဆိုင်းကာ ကုန်သွယ်မှုလည်း ယာယီရပ် ဆိုင်းနေခဲ့ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင်မူ ကုန်တင်ယာဉ်အချို့မှာ ထော်လာဂျီများဖြင့် တစ်ဘက်ကမ်းသို့ ကုန်ရွှေ့ပြောင်းသယ်ယူမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရသည်။

''ရေကြီးနေတော့ ကုန်တွေကို ချိန်းထားတဲ့ရက်မှာ မပို့နိုင်တော့ဘူး။ ဒါကြောင့် စက်တင်ဘာလ ၆ရက်နေ့လည်းရောက်ရော ထော်လာဂျီ ငှားပြီး ကုန်တွေကို တစ်ဖက်ကမ်းကို သယ်ကြတယ်။ ကားချည်းပဲ ရေထဲ ဖြတ်မောင်းရတာပေါ့။ ခရီးသည် တင်ကားတွေလည်း ဒီလိုပဲ ရေနည်း နည်းကျရော ကားကိုရေထဲဖြတ် မောင်းပြီး သွားရတယ်။ တချို့ကား တွေကျတော့ ဆက်မောင်းမရလို့ ဒီအတိုင်းပဲ ထားရပါတယ်။ အခု(စက်တင်ဘာလ ၇ရက်နေ့)အထိ ကားတွေသွားမရသေးပါဘူး''ဟုလည်း ပခုက္ကူနှင့် ဂန့်ဂေါပြေးဆွဲနေသည့် ကုန်ကားလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ref:EMG

No comments:

Post a Comment