Friday 7 September 2012

လျှပ်တစ်ပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို တရားရုံး စွဲချက်တင်

ဇွန်လ ပထမပတ်အတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကို လျှပ်တပြက်ဂျာနယ်၏ သတင်းနှင့် ဓာတ်ပုံများကို ဖေါ်ပြခြင်းကို ပြည်သူများ ကြောက်ရွံ့ထိန်လန့်မှု ဖြစ်စေရန် မဟုတ်မမှန် သတင်းအား ထုတ်လွှင့်မှု၊ လူမျိုးစုတစုနှင့် တစု ပဋိပက္ခဖြစ်စေရန်၊ ခိုက်ရန် ဖြစ်ပွားစေရန် မမှန်သတင်း များ ရေးသားဖြန့်ဝေသည်ဆိုသော စွပ်စွဲချက်ဖြင့် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို သောကြာနေ့တွင် စွဲချက်တင်လိုက်ပြီဖြစ်သည်။

ဦးမြတ်ခိုင်၏ ရှေ့နေ ဦးဝင်းရွှေက သူ၏ အမှုသည်မှာ အဆိုပါ စွဲချက်များနှင့် ညှိစွန်းခြင်း မရှိဘဲ လွှတ်ပေးသင့်သည်ဟု ခုခံပြောဆိုသည်။

"ဒီပုဒ်မ ငြိစွန်းခြင်း မရှိတဲ့အတွက် တရားသေ လွတ်ပေးသင့်တယ်လို့ပဲ ယူဆတာပေါ့။ ဒါပေမဲ့ တရားသူကြီးကတော့ စွဲချက်တင်သင့်တယ်လို့ ယူဆလို့ စွဲချက်တင်တာပဲ။ တရားခံဘက်ကတော့ လွှတ်ပေးသင့်တာပေါ့။”ဟု အကျိုးဆောင်ရှေ့နေ ဦးဝင်းရွှေက ပြောသည်။

သောကြာနေ့ အမိန့်ချမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ တိုင်းတရားလွတ်တော်ချုပ်ရုံးများသို့ အဆင့်ဆင့် ပြန်လည် အယူခံတက်သွားရန် စီစဉ်ထားကြောင်းလည်း  ဦးဝင်းရွှေက ပြောသည်။

အမှုကို ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူက တရားလိုပြု၍  ဇွန်လ ၂၉ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားပြိုင်ဘက်မှ တရားလိုသက်သေ လေးဦးကို ထပ်မံစစ်ဆေးစေလိုကြောင်း သောကြာနေ့တွင် တရားရုံးသို့ လျောက်ထားခဲ့ပြီး ယခုလ ၁၈ ရက်နေ့တွင် ထပ်မံစစ်ဆေးရန်လည်း ရှိနေသည်။ အဆိုပါ ပြန်ခေါ်သက်သေ လေးဦးမှာ  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရ၊ စခန်းမှူး ရဲအုပ် ဦးမြသန်းထိုက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နှင့် ရပ်မိရပ်ဖ ဦးသန်းနိုင်တို့ဖြစ်သည်။

ဦးမြတ်ခိုင် တရားစွဲဆိုခြင်း ခံထားရသည့် အခြားအမှုတခုဖြစ်သော စစ်ကိုင်းတိုင်း ကသာမြို့ ဗယ်လင်တိုင်း ကာရာအိုကေ ပိုင်ရှင် ဦးမြင့်မောင်က အသရေဖျက်မှုနှင့် နစ်နာကြေး ကျပ်ငွေ သိန်းပေါင်း ၅,၀၀၀ ရယူလိုသည့် အမှုကို သောကြာနေ့ ရုံးချိန်းရှိသော်လည်း ဦးမြတ်ခိုင် မသွားရောက်နိုင်ဟု သိရသည်။ ထိုအမှုကိုလည်း ယခုလ ၂၅ ရက်နေ့သို့ ကသာတရုံးမှ ရုံးချိန်းပေးလိုက်သည်။

အလားတူ The Voice Weekly ဂျာနယ်အား သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုထားသည့် အမှုအား ကြာသပတေးနေ့က အမိန့်ချမှတ်ရန် ချိန်းဆိုထားသော်လည်း တရားပြိုင် ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ခရီးလွန်နေသဖြင့် စွဲချက် အမိန့်ချမည် ရက်အား လာမည့် ၂၀ ရက်နေ့သို့ ပြောင်းရွှေ့လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးဝင်းရွှေက ပြောသည်။


ref:mizzima

No comments:

Post a Comment