Monday 6 August 2012

အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နှင့် Call Center တို့ပူးပေါင်းကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ဖုန်းဖြင့်ဖြေကြားပေးမည်

အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် (AGD Bank) နှင့် Call Center တို့ပူးပေါင်းကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ဖုန်းဖြင့်ဖြေကြားပေးမည့် အစီအစဉ်တစ်ရပ် ဆောင်ရွက်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦးကပြောသည်။ အဆိုပါဆောင်ရွက်ချက်ကို လက်ရှိကာလတွင် hot line ဖုန်းနံပါတ်အချို့ဖြင့် စတင်ဆောင်ရွက်ပေးနေပြီးသီးခြားဖုန်းနံပါတ်ကို မကြာမီထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ “AGD ဘဏ်နဲ့ဆိုင်တဲ့ ဘဏ်လုပ်ငန်းမှန်သမျှ ဘာပဲဖြစ်ဖြစ်   မေးလို့ရမှာဖြစ်ပါတယ်။ အဲဒီလိုမေးရာမှာ ဖြေကြားနိုင်ဖို့အတွက် ဒီက Tarining ပေးထားတာပါ။ စတင်ဖြေပေးနေပါပြီ” ဟု ဦးရဲမင်းဦးကပြောသည်။



 အဆိုပါဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ ၀န်ဆောင်မှုကို လက်ရှိ hot line နံပါတ် ၀၁-၂၃၉၉၁၁၁၊ ၀၁- ၂၃၉၉၂၂၂၊ ၀၁-၂၃၉၉၃၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ AGD ဘဏ်အနေဖြင့် ဘဏ်အကောင့်ဖွင့်လှစ်ပေးခြင်း၊ ငွေလွှဲခြင်း၊ ချေးငွေကိစ္စရပ်များ၊ ATM Card ဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို ဖြေကြားပေးလျက်ရှိကြောင်း Call Center ရှိ ဘဏ်လုပ်ငန်းဆိုင်ရာ ဖြေကြားပေးရေးဌာနမှ တာဝန်ရှိသူကပြောသည်။ “ဘဏ်အကောင့်ဖွင့်တာတွေအပါအ၀င် နိုင်ငံခြားငွေ အကောင့်ဖွင့်ပေးတာမျိုးတွေ စသဖြင့် ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကို ၂၄ နာရီ ဖြေကြားပေးမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ Call Center အနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ၊ ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေပေးသည့် ၀န်ဆောင်မှုများ၊ ဗေဒင်ဝန်ဆောင်မှုများ၊ မြန်မာ့ဆက်သွယ်ရေး
ဝန်ဆောင်မှုများနှင့် အထွေထွေစုံစမ်းမေးမြန်းမှုများကို ဖြေကြားပေးလျက်ရှိပြီး ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ ဖြေကြားပေးသည့် ယခုအစီအစဉ်မှာ ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment