Thursday 16 August 2012

ပျူမြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရန် အစိုးရ အဖွဲ့သို့ တင်ပြမည်


မြန်မာနိုင်ငံ၏ ရှေးဟောင်း ပျူမြို့ပြ နိုင်ငံများ ဖြစ်သော သရေခေတ္တရာ၊ ဗိသာနိုးနှင့် ဟန်လင်းမြို့ဟောင်း များကို ယခုနှစ်အတွင်း ကမ္ဘာ့ အမွေအနှစ် စာရင်းတင်သွင်း နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး သို့ တင်ပြသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စန္ဒာခင် က ပြောကြားသည်။

ကုလ သမဂ္ဂ ပညာရေး၊သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)၊ ရှေးဟောင်း သုတေသန၊အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် အဆိုပါမြို့ဟောင်းများအား ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင် ရေးအတွက် ရေးဆွဲလျှက် ရှိသော Nomination Dossier ကို သုံးသပ် ဆွေးနွေးသည့် တတိယအကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။


ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရာတွင်၊မြို့ဟောင်း သုံးခုဖြစ်၍ ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)သို့ တင်ပြမှု သုံးကြိမ် ပြုလုပ်ရခြင်း၊ UNESCO၏ မူအတိုင်း ရေးသား တင်သွင်း ရသည့် အတွေ့အကြုံ အားနည်းခြင်း၊ဒစ်ဂျစ်တယ် မြေပုံ နှင့် သမိုင်း အချက်အလက် မပြည့်စုံခြင်းနှင့် ဒေသခံများ၏ ပူးပေါင်း ကူညီမှု အားနည်းလျှက် ရှိနေခြင်းတို့ကြောင့် UNESCOသို့ ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေး အတွက် အခက်အခဲ ကြုံတွေ့ရကြောင်းလည်း ၎င်း၏ ပြောကြားချက် အရ သိရသည်။


မြန်မာနိုင်ငံ အနေဖြင့် ဆိုလျှင် ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ဟောင်း များ အပြင် ရှေးဟောင်း အမွေအနှစ်များ ထွန်းကားရာ ပုဂံဒေသ၊ မြောက်ဦး ဒေသတို့မှာ ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ပါဝင် သင့်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းမှ ဦးဆန်းဦး က ပြောဆိုသည်။


မြန်မာနိုင်ငံ အနေဖြင့် ၁၉၇၂ ခုနှစ်မှစ၍ ကမ္ဘာ့ အမွေအနှစ်နှင့် သဘာဝ အမွေအနှစ်များ ကွန်ဗင်းရှင်းဝင် ၁၈၇ နိုင်ငံ တွင် ပါဝင်ခဲ့သော်လည်း ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း ၉၆၂ ခုအနက် မြန်မာနိုင်ငံမှ ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် တစ်ခုမျှ ပါဝင်ခြင်း မရှိသေးသကဲ့သို့နှင့် ရှေးဟောင်း စေတီပုထိုးနှင့် အဆောက်အအုံပေါင်း သုံးထောင်ကျော် ကျန်ရှိနေသေးသော ကမ္ဘာကျော် ပုဂံဒေသကို ၁၉၉၆ ခုနှစ်က ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်အောင် အဆိုပြု တင်သွင်းထားသည်။


မြန်မာနိုင်ငံ၏ အမျိုးသား အမွေအနှစ်များဖြစ်သော ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိသာနိုးနှင့် ဟန်လင်းမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်း နိုင်ရန်အတွက် UNESCO၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့ ပူးပေါင်း ပြုလုပ်သည့် ကမ္ဘာ့အမွေအနှစ် တင်သွင်းရေး ဆိုင်ရာ ပညာရှင်များ အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် သြဂုတ်လ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ပြုလုပ်လျှက် ရှိသည်။
 
ref:thevoiceweekly

1 comment:

  1. ပြောတာသဇင်မင်းသားရဲ့ မားမားပြောတာဘဲ ခွိခွိ

    ReplyDelete