Thursday 16 August 2012

တရုတ်နိုင်ငံထုတ် ဆေးဝါးတုများအား အာရှတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများသို့ အများဆုံးတင်ပို့ကြောင်း ထုတ်ပြန် ၊ ကမ္ဘာပေါ်တွင်အဆိုးရွားဆုံး ဆေးဝါးတုထုတ်လုပ်သည့် တရုတ်နိုင်ငံ၌ ဆေးတုထုတ်လုပ်သူ ၂၀၀၀ နီးပါးအားဖမ်းဆီး





တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဆေးဝါးအတုနှင့် ဆေးဝါးအတု ထုတ်လုပ်သည့် ပစ္စည်းများကို ဖျက်ဆီးရန်အတွက် ကွန်တိန်နာအတွင်းသို့ ထည့်နေစဉ်


လူ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေသည့် ငှက်ဖျားဆေးအပါ အ၀င် တရုတ်နိုင်ငံထုတ် ဆေးဝါးအတုများကို အာရှတွင် မြန်မာ၊ လာအို နှင့်ကမ္ဘောဒီးယားနိုင်ငံများသို့ အများဆုံး တင်ပို့နေကြောင်း နိုင်ငံတကာ သတင်း များ အရ သိရပါသည်။


တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဆေးဝါးတုထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံဖြစ်ကြောင်းကိုလည်း အမေရိကန် အခြေစိုက် IMS Health မှ ထုတ်ပြန် ထားသည်။ IMS Health မှာ အမေရိကန်အပြင် ကနေဒါ၊ ဂျပန်၊တရုတ်၊ လက်တင်အမေရိက၊ အာရှပစိဖိတ် ဒေသ၊ ဥရောပ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်းနိုင်ငံများတွင်ပါ အခြေစိုက် ရုံးများ ဖွင့်လှစ်ထားသည့်ဆေးဝါး နည်းပညာကုမ္ပဏီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ ဆေးဝါးတုထုတ်လုပ်သူများအား ရဲဝန်ထမ်းအင်အား ၁၈၀၀၀ ကျော် အသုံးပြု ဖမ်းဆီး ခဲ့ရာ ဆေးဝါးတုနှင့်သက်ဆိုင် သူ ၂၀၀၀ ဦးနီးပါး ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ဆေးဝါးတု ထုတ်လုပ်နေသည့် နည်းလမ်းနှစ်မျိုးရှိကြောင်း တစ်မျိုးမှာ ဆေးဝါး အတု သီးသန့်ထုတ်ပြီး နောက်တစ် မျိုးမှာ နာမည်ကြီးတံဆိပ်များအား တုပထုတ်လုပ်သည့် နည်းလမ်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဆေးဝါးတုကြောင့် နှစ်စဉ် လူ ၇၀၀၀၀၀ နီးပါး သေဆုံးနေကြောင်း နိုင်ငံတကာ ၀က်ဘ်ဆိုက် များတွင် ဖော်ပြခဲ့သည်။

၂၀၀၈ ခုနှစ်မှစ၍ ယခုနှစ်အထိ ငါးနှစ်အတွင်း တရုတ်နိုင်ငံမှ ဆေးဝါးတု ထုတ်လုပ်သည့်နှုန်းမှာ ယခင် ၁၉ ရာခိုင်နှုန်းမှ ယခု ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကိုလည်း IMS Health မှ လေ့လာ ထုတ်ပြန် ထားသည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးအတုများ၏ ၅၀ ရာခိုင်နှုန်း ကို အန်ဂိုလာ၊ ဘူရွန်ဒီ၊ ကွန်ဂိုနိုင်ငံ များသို့ အများဆုံး တင်ပို့ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှ သုံးပုံ နှစ်ပုံကို မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း Policy- network.net တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ဆေးဝါးများမှာ အကိုက်အခဲ ပျောက်ဆေး၊ အဖျား ပျောက်ဆေး၊ အစာအိမ်ဆေးကဲ့သို့ ဆေးဝါးများ အများဆုံးတင်သွင်းနေကြောင်း၊ ငှက်ဖျားဆေးတု ကဲ့သို့ လူ့ အသက်အန္တရာယ် ထိခိုက်နိုင်သည့် ဆေးဝါးများကိုလည်း မြန်မာနိုင်ငံသို့ တရုတ်လုပ်ငန်းရှင်များမှ တင်သွင်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေး ပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ၀င်းစည်သူက “ကျွန်တော်တို့က အသင်းအဖွဲ့ဖြစ်တဲ့အတွက် ဒီလိုဆေးဝါးတု ပြဿနာမျိုးတွေကို စည်းရုံး ဆောင်ရွက် တဲ့နည်းနဲ့ ပဲ သွားလို့ရတယ်။ သိထားတာကို တင်ပြပြီး  သက်ဆိုင်ရာကို စစ်ဆေးဖို့ကြပ်မတ် ဖို့ တိုက်တွန်းတာ မျိုးလုပ်ပါတယ်။ ဥပမာ FDA ကို တစ်လတစ်ကြိမ်၊ နှစ်ကြိမ်ဈေးကွက် ထဲက ဆေးဝါး တု တွေ ကို စစ်ဆေးဖို့ တင်ပြတာမျိုးပါ။ FDA  ဘက်ကလည်းအန္တရာယ် ရှိတဲ့ဆေးဝါးတွေ့တယ်ဆိုရင်အသင်း ကို အကြောင်းကြားပြီး ဆေးကုန်သည်တွေ အနေနဲ့ ဆေးတွေပြန်သိမ်းပေးဖို့ပြောတယ်။ ဒီလိုအပြန်အလှန် လုပ်နေပါတယ်”ဟု ပြောပြခဲ့သည်။

ထိုသို့ ဆေးဝါးတုပြဿနာများ အား မြန်မာနိုင်ငံအနေဖြင့် အင်တာ ပိုလ်၊ WHO ၊ WCO  အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း၊ ဆေးဝါးတုနှင့်ပတ်သက်  ဖမ်းဆီးရမိရာတွင် အရင်းအမြစ်များ အား ဖော်ထုတ် ပါက တရုတ်လုပ်ငန်း ရှင်များ အဓိကဖြစ်နေသည့်ဖြစ်စဉ် များရှိခဲ့ကြောင်းလည်း သိရသည်။

FDA မှ တာဝန်ရှိသူတစ်ဦး ကလည်း “အခု တရုတ်ပြဿနာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဈေး ကွက်ထဲမှာ ပုံမှန် ဆေးတုတွေကို စစ်နေတယ်။ တွေ့ရင် အရေးယူ တယ်။ ဒါကပြည်တွင်းဈေးကွက်မှာ လုပ်တာ။ နိုင်ငံတကာမှာ ဆေးဝါး တုပြဿနာအတွက်ကျတော့ အင်တာပိုလ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်နေတာရှိတယ်။ မြန်မာ ကိုတော့ တရုတ်နိုင်ငံက သွင်းတဲ့ ဆေးအတုထဲမှာ လူ့အသက်အန္တရာယ် ကိုထိခိုက်စေတဲ့ ငှက်ဖျားဆေးလို ဆေးမျိုးတွေပါတယ်။ ဒါကြောင့် လည်း ကျွန်တော်တို့တွေ တစ်နိုင်ငံ လုံးမှာ စစ်ဆေးတယ်။ နိုင်ငံတကာ က ငှက်ဖျားနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေပါ ကျွန်တော့်တို့ဆီကို အရင်တစ်ပတ်ကပဲ လာကြည့်ရှုခဲ့ သေးတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ တောက်လျှောက်စစ်နေပါ တယ်”ဟု ပြောပြခဲ့သည်။

တရုတ်နိုင်ငံထုတ်ဆေးဝါးအတု သုံးစွဲမိသူများအနေဖြင့် ကင်ဆာ၊ သွေးတိုး၊ ဆီးချိုအပြင် အရေပြား ရောဂါ များကို ပါ ဖြစ်ပေါ်စေနိုင်သည် ဟု Yahoo.com တွင် ဖော်ပြထားပါသည်။     


ref:EMG

No comments:

Post a Comment