Wednesday 15 August 2012

ပြင်ဆင်ချက် ၉၄ ချက်ကို ဆွေးနွေးကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်သူ့လွှတ်တော်တွင် အတည်ပြု

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်း ခွင့်ပြုမည့် အချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အတွက် မြေနေရာ ချထားပေးမှု ဆိုင်ရာအချက်များ၊ အသေးစား အလတ် စား လုပ်ငန်း များ ထိခိုက်မှု မရှိစေနိုင်မည့် လုပ်ငန်းများသာ ခွင့်ပြုရေး စသည့်အချက်များ အပါအ၀င် ပြင်ဆင်ချက် ၉၄ ချက်ကို ဆွေးနွေးကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်သူ့လွှတ်တော်မှ အတည်ပြုကြောင်း သြဂုတ်လ ၁၄ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ပြည်သူ့  လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်းသည် အမျိုးသား လွှတ်တော် မှ ပြည်သူ့လွှတ်တော် သို့ ပေးပို့ပြီး ပြည်သူ့လွှတ်တော်မှ အမျိုးသားလွှတ်တော် သို့ ပြန်လည်ပေး ပို့ ခဲ့တဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ထို့နောက် ဇူလိုင်လ ၃၀ ရက်နေ့၊ ရန်ကုန် MICT မှာ ပြုလုပ်တဲ့ ပြည်သူများ ရဲ့ အသံကို လွှတ်တော်ကိုယ်စားလှယ်များ နာခံခဲ့ပြီး ပြန်လည်သုံးသပ် လိုတဲ့အတွက် အမျိုးသားလွှတ်တော် က ပြန်လည် တောင်းခံခဲ့ပါတယ်။ ထို့နောက် ဥပဒေကြမ်းကို ပြန်လည်တောင်းခံတဲ့ အခါမှာ အမှတ်စဉ် ၉၄ အထိ ပြင်ဆင် အဆိုပြုနိုင်ခဲ့ပါတယ်။ တချို့ဆို မပါတဲ့ အပိုဒ်တွေကိုပါ ထည့်သွင်းဆွေးနွေး နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင် ဆွေးနွေးရာတွင် ‘နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ကနဦး ရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသန်း (သို့မဟုတ်) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံသော ယင်းနှင့်ညီမျှသည့် နိုင်ငံခြားသုံးငွေ ပါဝင်ရမည်’ အချက်၊ ‘နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းအပြည့် လုပ်ကိုင်ခွင့် မရှိသော ကန့်သတ်ထားသည့် လုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းခွင့်ရပါက နိုင်ငံခြားမတည် ရင်းနှီးငွေသည် စုစုပေါင်း မတည်ရင်းနှီးငွေ၏ အများဆုံး ၄၉ ရာခိုင်နှုန်း ဖြစ်ရမည်’ အချက်၊ ‘နိုင်ငံခြား ကုမ္ပဏီဖြစ်ပါက မိမိ၏ အစုရှယ်ယာအားလုံး (သို့မဟုတ်) အချို့ကို နိုင်ငံခြားသား တစ်ဦးဦး (သို့မဟုတ်) နိုင်ငံသားတစ်ဦးဦးသို့ အပြီးအပိုင် လွှဲပြောင်းရောင်းချ လျှင် ကော်မရှင် ၏ ကြိုတင်ခွင့်ပြုချက် ရယူ၍ ခွင့်ပြုမိန့်ကို ပြန်လည် အပ်နှံပြီးမှသာ တည်ဆဲ ဥပဒေများ နှင့်အညီ အစုရှယ်ယာ လွှဲပြောင်းခြင်းကို မှတ်ပုံတင်ခြင်း’ အချက်၊ ‘ရင်းနှီးမြှုပ်နှံသူသည် မိမိဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်မှု နည်းပညာရပ်များကို သက်ဆိုင်သည့် လုပ်ငန်းဌာန (သို့မဟုတ်) အဖွဲ့အစည်းများသို့ စာချုပ်ပါအတိုင်း စနစ်တကျ လွှဲပြောင်းပေးအပ်ရေး’ အချက်၊ ‘ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာ ရှင်များနှင့် ၀န်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နေ့မှ ပထမနှစ်နှစ်အတွင်း နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်အတွင်း နိုင်ငံသား အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယနှစ်နှစ် အတွင်း နိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားပြီး ဖြစ်ရမည်’ အချက်၊ ‘ရင်းနှီးမြှုပ်နှံသူသည် သက်ဆိုင်ရာ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် ငွေလဲလှယ်နှုန်းအတိုင်း နိုင်ငံတော် အတွင်းရှိ နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော ဘဏ်မှတစ်ဆင့် နိုင်ငံခြားသို့ လွှဲပြောင်း နိုင်ခွင့်ရှိသည်’ အချက်များကို အတည်ပြု ပြင်ဆင်ကာ ဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက “လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ နှစ်တိုနှစ်ရှည် စိုက်ပျိုးရေး၊ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကို နိုင်ငံသား ၇၀ ရာခိုင်နှုန်း အကျိုးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဥပဒေကြမ်း အပိုဒ် (၄) မှာ တားမြစ်ခဲ့တယ်။ သို့သော်လည်း အပိုဒ် (၅) နဲ့ (၆) မှာ တကယ်လို့ မဖြစ်မနေ နိုင်ငံသားများကလည်း နိုင်ငံခြားသားနဲ့ ပူးပေါင်းလုပ်ချင်ပါတယ်။ နည်းပညာသစ်တွေ လိုချင်ပါတယ်လို့ တင်ပြလျှောက်ထားလာရင် စိစစ်ပြီးခွင့်ပြုပေးဖို့ ပြန် ခွင့်ပြုထားပါတယ် ။ ပြန်ဖွင့်ပေးထား ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီးနောက် အမျိုးသားလွှတ်တော် သို့ ပြန်လည် ပေးပို့ သွားမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်မှ ပြန်လည်ပြင်ဆင်ရန် မရှိပါက နိုင်ငံတော်သမ္မတထံ ပေးပို့ပြီး အတည်ပြု ထုတ်ပြန်ရမည် ဖြစ်သည်။ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ရန်ရှိပါက ပြည်ထောင်စု လွှတ်တော်တွင်သာ ပြင်ဆင်နိုင်တော့မည် ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုရ မည် ဖြစ်သည်။

ref:EMG

No comments:

Post a Comment