Wednesday 15 August 2012

အိုင်အင်န်ဂျီအိုများအပေါ် အစိုးရ၏ ထိန်းချုပ်မှု လျှော့ပေါ့သက်သာလာ

အစိုးရသစ် တာဝန်ထမ်းဆောင်ပြီး ၂ နှစ်ကျော်အတွင်း အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အ စည်း (INGO) များ ဒေသတွင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ယခင်ထက် လွယ်ကူအဆင်ပြေလာကြောင်း ယင်းအဖွဲ့ များ မှ သိရသည်။

လုပ်ငန်းလုပ်ကိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးအထိ လွယ်ကူစွာ တွေ့နိုင်လာနိုင်ခြင်းအတွက် လုပ်ငန်း များ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြားသားများ ဒေသအတွင်း သွားလာခွင့်နေရာများ ပိုမို တိုးမြင့် ရရှိလာခြင်းနှင့် အစစ်အဆေးများ နည်းပါးလာခြင်း၊ ဌာနေကိုယ်စားလှယ်များအတွက် ဗီဇာများ လွယ်ကူလာခြင်း စသည်တို့ကို ယခင်နှင့် ကွာခြားလာသည့် အချက်များဖြစ်ကြောင်း သိရသည်။

“အခုချိန်မှာ သက်ဆိုင်ရာနဲ့ ဆက်ဆံရေး အရမ်းကောင်းတဲ့အပြင် နိုင်ငံခြားသားတွေအတွက် ခရီးသွားလာခွင့် ပါမစ်လိုမျိုးကအစ ပိုလွယ်လာတယ်”ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ Vickie Hawkins က ပြောကြားသည်။

နိုင်ငံတော်သမ္မတကလည်း အစိုးရ၀န်ကြီးဌာနများအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားမှုများ ရှိသည့်အတွက် ယခင်ထက် ပိုမိုအဆင်ပြေစွာ လုပ်ငန်းများ လုပ် ကိုင်နိုင်သကဲ့သို့ အချို့သော ပြည်နယ်ဝန်ကြီးချုပ်များကလည်း ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးနိုင် မည့် အဖွဲ့များအား ယုံကြည်စွာ လက်ခံလာခြင်းသည်လည်း ပြောင်းလဲလာခြင်း၏ အကြောင်းရင်း များဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“အရင်က မကြုံဖူးတဲ့ အတွေ့အကြုံတွေ တွေ့လာရတယ်။ လုပ်ငန်းပိုင်းဆိုင်ရာတင် မဟုတ်ဘူး။ အာဏာ ပိုင်အဖွဲ့အစည်းတွေနဲ့ ခင်ခင်မင်မင်လည်း ဆက်ဆံလာနိုင်တော့ လုပ်ငန်းတွေ လည်း မြန်လာတယ်” ဟု မြန်မာနိုင်ငံ    အတွင်း စာသင်ကျောင်းများနှင့် အိမ်ရာများ ဆောက်လုပ်ပေးနေသည့် အိုင်အင်န်ဂျီအို တစ်ခု တွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်ဝန်ထမ်းတစ်ဦးက ပြောသည်။

အစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံခြားသားများ သွားလာခွင့်ရှိသည့် တားမြစ်ထား သည့် နေရာ များလည်း တဖြည်းဖြည်း လျော့နည်းလာသည့်အပြင် ယခင်က ခွင့်ပြုထားသည့် နေရာများအား သွားလိုပါက သက်ဆိုင်ရာသို့ ခွင့်တောင်းပြီး ခွင့်ပြုချက်ရရှိမှ သွားလာခွင့်ရှိသော်လည်း ယခုနောက်ပိုင်း တွင် နိုင် ငံခြား သားများ လုံခြုံရေးအတွက်သာ အသိပေးပြီး သွားလာနိုင်ကြောင်း အဆင့်မြင့်ဝန်ထမ်းက ပြောသည်။

“အရင်ကဆိုရင် ဥပမာ-ဘားအံဘက်သွားရင် ဂိတ်တွေတိုင်းမှာ နိုင်ငံခြားသားပါရင် ပြောရရှင်းရတာတွေ ရှိတယ်။ အခုအဲဒါမျိုး မရှိတော့ဘူး။ အဲဒီတော့ နိုင်ငံခြားသားတွေလည်း သက်သောင့်သက်သာနဲ့ လုပ်ရတယ်။ အဆင်ပြေတယ်လို့ တော်တော်များများလည်း ပြောကြတယ်”ဟု အိုင်အင်န်ဂျီအိုတစ်ခုတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဦးအောင်မျိုးရှိန်က ပြောသည်။

“နာဂစ်ပြီးတုန်းကလောက်ကဆိုရင် နိုင်ငံခြားသားတွေ လပွတ္တာဘက် သွားချင်တယ်ဆိုတာတောင် ခွင့်ပြုချက် ယူပြီး သွားရတယ်”ဟု ဦးအောင်မျိုးရှိန်က ဆက်လက်ပြောသည်။

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ပြည်တွင်းလူမှုရေးအဖွဲ့အစည်း ၄၀ ခန့်အား မေးမြန်းပြုလုပ်ထားသည့် သုတေသန တစ်ခုတွင်လည်း ယခင်ကာလနှင့် နှိုင်းယှဉ်လျှင် လုပ်ငန်းများ ဆက်စပ်လုပ်ဆောင်ရာတွင် ပိုမိုလွယ် ကူ လာပြီး သဘောထား ပျော့ပျောင်းမှုများကို မြင်တွေ့လာရကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ သို့သော် အစိုးရပိုင်းတွင် အထက်ပိုင်းမှ တိုးတက်သော အပြောင်းအလဲများကို မြင်လာရပြီး ပွင့်လင်းမှု ရှိလာသော်လည်း အောက်ခြေအဆင့်နှင့် အလယ်အလတ်အဆင့် တွင် ပြောင်းလဲမှု များ နှေးကွေးေ နသေးေ ကြာင်း ဖော်ပြထားသည်။

“အရင်ကဆိုရင် အိုင်အင်န်ဂျီအိုတွေ သက်ဆိုင်ရာဌာနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားပြီး သက်တမ်း တိုးခါနီးဆိုရင် အကုန်ဆင်ခြင်ရတယ်။ အနေအထိုင်၊ အပြောအဆို အကုန်လုံးပဲ။ တစ်ခုခုငြိ တာရှိသွားရင် သက်တမ်းတိုးလို့ မရတာတွေ ရှိခဲ့တယ်။ အခုတော့ အဲဒီလောက်တော့ မဆိုးတော့ဘူး။ သို့သော် သမ္မတ လမ်းညွှန်ပြီးနောက်ပိုင်း ၀န်ကြီးဌာနတွေက အိုင်အင်န်ဂျီအို၊ အင်န်ဂျီအိုတွေနဲ့ အဆင်ပြေအောင် ဆက်ဆံမည်ဆိုတာက အောက်ခြေ၀န်ကြီးဌာနတွေမှာတော့ ပြောင်းဖို့ လိုအပ်သေးတာ လည်း အမှန်ပဲ”ဟု အိုင်အင်န်ဂျီ အဆင့်မြင့်အရာရှိတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ပြည်တွင်းတွင် လုပ်ကိုင်နေသည့် အိုင်အင်န်ဂျီအိုများမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုး၍ လုပ်ငန်းများဆောင်ရွက်ပြီး မှတ်ပုံတင်ခြင်း အား ပြည်ထဲရေး ၀န်ကြီးဌာန တွင် ဆောင် ရွက်ရသည်။ မြန်မာနိုင်ငံတွင် အိုင်အင်န်ဂျီအိုအဖွဲ့ပေါင်း ၇၀ ခန့် ရှိသည်။

ref:7day

No comments:

Post a Comment