Tuesday 29 December 2015

လက်ဖက်ရည်ဆိုင် ဝန်ထမ်းများကို အချိန်ပိုကြေးမပေးဘဲ ရှစ်နာရီထက် ပိုခိုင်းပါက ဆိုင်ရှင်ကို အရေးယူမည်

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ရှိ ဝန်ထမ်းများကို ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တစ်ရက် အလုပ်လုပ်ချိန် ရှစ်နာရီထက် ပိုခိုင်းပါက အချိန်ပိုကြေးပေးရမည် ဖြစ်ပြီး ထိုသို့မပေးဘဲ ခိုင်းစေပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဇော်က ပြောကြားသည်။
“အလုပ်သမားတွေကို အချိန်ပိုခိုင်းမယ်ဆိုရင် အချိန်ပိုကြေးပေးရမယ်။ မပေးရင် အရေးယူမယ်ဆိုတာ ခဏခဏ အသိပေးပြီးသား။ မန္တလေးက အလုပ်သမားရှိတဲ့ ဆိုင်တိုင်းကို ပြောပြီးသား။ မသိတဲ့ဆိုင် မရှိဘူး” ဟု ၎င်းက ဆိုသည်။

လက်ဖက်ရည်ဆိုင်များနှင့် ဘီယာဆိုင်များသည်၊ နံနက်လင်းချိန်မှစ၍ ညပိုင်း ညနက်ချိန်ထိ အလုပ်လုပ်ရသော လုပ်ငန်းများဖြစ်သည့် အတွက် အလုပ်ရှင်များ အနေနှင့် အလုပ်သမားများ၏ အလုပ်ချိန်၊ လုပ်ခလစာများကို ဥပဒေများနှင့်အညီ ခိုင်းစေပေးချေရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး အလုပ်သမားရေးရာများကို ဆောင်ရွက်ပေးရသော တိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းမြင့်စိုးက ပြောကြားသည်။

“အလုပ်သမား အခွင့်အရေးတွေကို အလုပ်သမားလေးတွေက တောင်းဆိုဖို့လည်း လိုပါတယ်။ သူတို့လေးတွေက သူတို့ရဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရတာကြောင့် ကလေးအလုပ်သမား ဆိုတာက ရှိတယ်။ မြန်မာနိုင်ငံမှာ ကလေးလုပ်သား မရှိအောင်က လက်ရှိအခြေအနေတွေအရ မဖြစ်နိုင်သေးဘူး” ဟု ၎င်းက ထပ်မံဆိုသည်။

ကလေးအလုပ်သမားများ အနေနှင့် အလုပ်သမား အခွင့်အရေးများကို သိရှိနားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့ကိုယ်စား အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများက တောင်းဆိုပေးခြင်း၊ အလုပ်သမားများကို အလုပ်သမား အခွင့်အရေးများ သိရှိနားလည်အောင် ရှင်းပြခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးသန်းစိုးမြင့်က ထပ်လောင်းပြောကြားသည်။

“ဒီမှာတော့ အလုပ်ချိန် ရှစ်နာရီ မကျော်ပါဘူးဗျ။ ဆိုင်က မနက် ၅ နာရီကနေ ညဆယ်နာရီထိ ဖွင့်တာကို ဝန်ထမ်းက နှစ်ဖွဲ့ကို အလှည့်ကျတာဝန်နဲ့ပါ နားချိန်တွေလည်း ရှိပါတယ်။ အလုပ်သမားရုံးက ခေါ်ပြီးသတိပေးတာတွေ ဘာတွေတော့ ကျွန်တော်မကြုံဖူးဘူးဗျ။ အရင်မန်နေဂျာတွေတော့ မသိဘူး” ဟု မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် အတွင်းရှိ အာကာမင်း လက်ဖက်ရည်ဆိုင်တစ်ခုမှ မန်နေဂျာတစ်ဦးက ဆိုသည်။

လက်ရှိတွင် အလုပ်ရုံဆိုင်ရာ ဥပဒေသည် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေတွင် အလုပ်ရုံ ဥပဒေကို ဖောက်ဖျက်သူသည် ဒဏ်ငွေကျပ်ငါးရာ သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံရမည်ဟု ပြဋ္ဌာန်းထားပြီး အလုပ်ရုံ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် စီစဉ်နေကာ လက်ရှိတွင် မပြီးသေးကြောင်း ဦးဇော်ဇော်က ဆက်လက်ပြောကြားသည်။

အလုပ်ရှင်များ အနေနှင့် အလုပ်သမားများကို အလုပ်လုပ်ချိန် ရှစ်နာရီနှင့် နားချိန် သုံးနာရီ စုစုပေါင်း ၁၁ နာရီတိတိ အလုပ်သမားကို အလုပ်ထဲတွင် နေခိုင်း၍ ရပြီး အချို့အလင်းဖွင့်ရသော လက်ဖက်ရည်ဆိုင်များတွင် အဆိုင်းများလဲကာ ခိုင်းစေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ အလုပ်သမားများကို အလုပ်ချိန်ပို မခိုင်းစေရေး မန္တလေးခရိုင် အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စတိုးဆိုင် ပိုင်ရှင်များ ခေါ်ယူတွေ့ဆုံ သတိပေးခြင်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့က တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာန ရုံးတွင် ကျင်းပခဲ့ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

(မောင်သန့်)
The Voice Weekly

No comments:

Post a Comment