Tuesday 29 December 2015

ဖားကန့်အရေး ဖြေရှင်းရန် အစိုးရ၏ နည်းလမ်းသုံးခုကို လွှတ်တော် လက်မခံ

ဖားကန့်ဒေသတွင် လူ ၁၀၀ ကျော် သေဆုံးခဲ့သော မြေစာပုံပြိုကျမှုဖြစ်ပွားပြီးနောက် မြေစာပုံအောက်ရှိ ရုပ်အလောင်းများ ရှာဖွေနေသည်ကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
လုံးခင်းနှင့် ဖားကန့် ရတ နာနယ်မြေတွင် ကျောက်စိမ်း တူးဖော်မှု လုံးဝပိတ်သိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခြင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း စသော နည်းလမ်းသုံးမျိုးဖြင့် ဆောင် ရွက်ရန် အစိုးရ၏ အစီအစဉ်ကို ပြည် ထောင်စုလွှတ်တော်က လက်မခံဘဲ ပယ်ချလိုက်သည်။
ဖားကန့်ဒေသတွင် မြေစာပုံပြို ကျခြင်းများကြောင့် ပြည်သူများ မကြာ ခဏသေဆုံးနေခြင်းနှင့် သဘာဝ သယံ ဇာတများ ထုတ်လုပ်နေခြင်းအပေါ် ပြည်သူများ၏ စိုးရိမ်နေမှုကို ဖြေရှင်းရန်နည်းလမ်းသုံးခုကို သတ္တုတွင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် က ယမန်နေ့က ပြည်ထောင်စုလွှတ်တော် ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နည်းလမ်းသုံးခုသည် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ လုံးဝပိတ်သိမ်းခြင်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း လွှတ်တော်သို့တင်ပြသည်။

သို့သော် ပြည်ထောင်စုအစိုး ရ၏ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းသုံးသွယ်ကို ပြန်လည်စဉ်း စားသုံးသပ်ရန်နှင့် ယင်းနည်းလမ်းများထက် ပိုမိုကောင်းမွန်သော ဖြေရှင်းမှုများ ဆောင်ရွက်သင့် ကြောင်း လွှတ်တော်ကိုယ်စား လှယ် ၁၀ ဦးက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

‘‘နည်းလမ်း သုံးသွယ်နဲ့ ဆောင်ရွက်ဖို့အထိ လွှတ်တော် ကို တင်ပြလာတာတွေ့ပါတယ်။ ဒီနည်းလမ်းသုံးသွယ်ဟာ ကောင်း မွန်တဲ့အခြေအနေလား၊ နောက် တက်လာမယ့် အစိုးရသစ်အတွက် အခက်အခဲဖြစ်အောင် လုပ်တာလားလို့ မေးရမယ့်ဟာ ဖြစ်လာပါတယ်’’ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောဆိုဆွေးနွေးသည်။

လွှတ်တော်က နည်းလမ်းသုံးသွယ်ကို လက်မခံ၍ အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေ ဆွေးနွေးတာရော ၀န်ကြီးဌာနက ဆွေးနွေးချက်ကိုရောလွှတ်တော်က မှတ်တမ်းထားထားပါတယ်။ လွှတ်တော် ဆုံးဖြတ်ပေးတာ မဟုတ်ဘဲ မှတ်တမ်းထားထားတော့ ၀န်ကြီးဌာနက တင်ပြတဲ့ နည်းလမ်းသုံးသွယ် ဆိုတာလည်း လွှတ်တော်ရဲ့ သဘောတူညီချက် မရတဲ့အတွက် ဘာမှ အစိုးရအဖွဲ့က ဆက်လုပ်လို့မရ ဘူး’’ဟု စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဒွဲဘူက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများ ကြောင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များ မကြာခဏ ဆုံးရှုံးမှုဖြစ်ပေါ်နေခြင်း၊ ဖားကန့် ဒေသသို့ မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းနှင့် သဘာဝသယံဇာတများထုတ်လုပ်နေခြင်းတို့အပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အမြန်ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော်၏ တောင်းဆိုမှုကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းထွန်းအောင်က လာရောက်ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ကျောက်မျက်များ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေး၊ ဒေသ၏ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် သုံးစွဲရမည့် ယန္တရားအရေအတွက်၊ ၀န်ဆောင် မှုတို့ကို ထပ်မံ၍ စနစ်တကျသတ် မှတ်ထားရှိ ဆောင်ရွက်မည်ဖြစ် ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီးက လွှတ်တော်သို့ တင်ပြ ခဲ့သည်။

ထို့ပြင် မြေစာပုံများပြိုကျ၍ မြေစာဖုံးလွှမ်းသေဆုံးမှုများ မရှိ စေရေး စွန့်ပစ်ရမည့် မြေစာပုံများစနစ်တကျသတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် မြေစာပုံများတွင် မြေစာများစနစ်တကျစွန့်ပစ်ခြင်းနှင့် မြေစာပုံပြိုကျခြင်းမရှိစေရန် စွန့်ပစ်မြေစာပုံများ စနစ်တကျထိန်းသိမ်းခြင်း၊ စွန့်ပစ်မြေစာပုံများအနီး ကျူးကျော်တဲ၊ ဈေးဆိုင်များ ဆောက်လုပ်နေထိုင်ခြင်း မပြုစေရန်တို့ကိုလည်း ဆောင်ရွက်မည်ဟု ဒုဝန်ကြီးက ဆိုသည်။

အစိုးရက ဖားကန့်ဒေသ တွင် ဖြစ်ပေါ်နေသော ကိစ္စရပ် များအတွက် ဆောင်ရွက်ပေးမည့် ပုံစံများကို တင်ပြသော်လည်း နှစ်

လခန့်သာလို တော့သည့် အစိုးရ၏ လက်ကျန်သက်တမ်းအတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းနှင့် လာမည့်အစိုးရလက်ထက်၌သာ ဖားကန့်အရေးဆောင်ရွက်ပေးမည့် အခြေအနေကို စောင့်ကြည့်ရမည်ဟု ဒေါ်ဒွဲဘူက ၎င်း၏ အမြင်ကိုပြောသည်။

7Day Daily

No comments:

Post a Comment