Tuesday 29 December 2015

ဩစတြေးလျတွင် ကုန်တင်ရထား တိမ်းမှောက်မှုကြောင့် အက်ဆစ်ယိုစိမ့်မှုများဖြစ်ပေါ်

ရထားတစ်စီး တိမ်းမှောက်ပြီး အက်ဆစ်များ ယိုစိမ့်နေသည့် အခြေအနေကြောင့် ကွင်းစလန်တွင် အရေးပေါ် သတိပေးချက်တစ်ရပ် ဩစတြေးလျ အာဏာပိုင်များက ထုတ်ပြန်ထားလိုက်သည်။
အဆိုပါ ကုန်တင်ရထားသည် ဆာလဖျူရစ်အက်ဆစ် လီတာနှစ်သိန်းခန့် သယ်ဆောင်လာပြီး ဒီဇင်ဘာ ၂၇ ရက်က လမ်းချော် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ရထားတိမ်းမှောက်သည့် နေရာ အနီးတဝိုက်တွင် လူနေနည်းပါးသော်လည်း အက်ဆစ်ပြင်းများ၏ ထိခိုက်နိုင်ခြေကို သတိပြုမိစေရန် သတိပေးထားခြင်း ဖြစ်သည်။

ရထားတိမ်းမှောက်ရာ၌ ရထားတွဲ ၂၆ ခုသည်လည်း ဖရိုဖရဲ အတုံးအရုံး ဖြစ်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ ဝေဟင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများ၌ ရထားတွဲများသည် မြေပြင်အနှံ့တွင် ပြန့်ကြဲနေသည်ကို တွေ့ရသည်။ 

အက်ဆစ်များ ယိုစိမ့်မှုကြောင့် ရထားလမ်းနှင့် အနီးရှိ အဝေးပြေးလမ်း တစ်ခုတို့ကို ပိတ်ထားလိုက်ရသည်။ ထို့အပြင် ပတ်ဝန်းကျင် ဒေသများကို ဖြတ်သန်းခွင့်မပြုသည့် နယ်မြေအဖြစ် ယာယီ သတ်မှတ်ထားသည်။

ဂျူလီယာခရိခ်မြို့ အရှေ့ဖက် ကီလိုမီတာ ၂၀ မျှတွင် ဖြစ်ပွားသော ရထားတိမ်းမှောက်မှု၏ အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ လတ်တလောတွင် ရထားတိမ်းမှောက်သည့် နေရာ၌ အောက်ခံမြေပြင်က ရွှံ့ပျော့ဖြစ်နေခြင်းသည် အဓိက အကြောင်းရင်း ဖြစ်မည်ဟု ယူဆထားကြောင်း ရဲစုံထောက် ထရီဗာကစ်ဒ်က ပြောကြားခဲ့သည်။

“ဖြစ်တဲ့နေရာက လူသူအရောက်အပေါက် နည်းတာကို ထည့်တွက်ရမယ်။ ရာသီဥတုကြောင့် မြေပြင်အနေအထား ပြောင်းလဲထားတာ တစ်ခုခုရှိရင် ကြိုသိဖို့ ခက်တယ်။ လောလောဆယ်တော့ အခြေအနေကို အကောင်းအဆုံး ထိန်းသိမ်းကိုင်တွယ်ဖို့ ကြိုးစားနေပြီး စိန်ခေါ်မှု တချို့တော့ ကြုံနေရပါတယ်”ဟု ၎င်းက မှတ်ချက်ပေးသွားသည်။

Ref: CNN
7Day Daily 

No comments:

Post a Comment