Thursday 19 November 2015

ပါရီဂယက်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသော ဝါရှင်တန်

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် အကြမ်းဖက်ခံရပြီး သေဆုံးသူများအတွက် ၀မ်းနည်းပူဆွေးနေသူတစ်ဦး (ဓာတ်ပုံ−ရိုက်တာ)
ပြင်သစ်နိုင်ငံ  ပါရီမြို့တွင် ဖြစ်ပွားခဲ့သည့်လူ ၁၂၀ ကျော်နီးပါးသေဆုံးခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ကြီး ကြောင့် အမေရိကန်ပြည်ထောင်စု၏ မြို့တော်ဝါရှင် တန်ဒီစီ၌လည်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး လှုပ်လှုပ် ရှားရှား ဖြစ်နေကြသည်။

ပြင်သစ်နိုင်ငံ အကြမ်းဖက် မှုသည် သူတို့ လက်ချက်ဖြစ် ကြောင်း ISIS (ခေါ်) အစ္စလာမစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့ဝင် များက ပြောကြားခဲ့ပြီး သူတို့၏ နောက်ထပ်ပစ်မှတ်သည် အမေရိ ကန်ပြည်ထောင်စု၏ အချက်အ ချာနေရာဖြစ်သည့် ဝါရှင်တန်ဟု ဗီဒီယိုကြေညာချက်မှတစ်ဆင့် ပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန်အစိုး ရရုံးဆိုက်ရာ ဝါရှင်တန်ဒီစီမြို့ တော်မှ အစိုးရခေါင်းဆောင်ပိုင်း နှင့် လွှတ် တော် အမတ်များ ရုံးထိုင်သည့် လွှတ်တော်အဆောက်အအုံ ကိုလည်း လုံခြုံရေးများ အထူးတိုး မြှင့်ချထား သည်ကို တွေ့ရှိရ သည်။ ထို့အတူ လွှတ်တော်အ မတ်များအား ရုံးအချင်းချင်းကြား ကူးသန်းဆက်သွယ် သည့် မြေ အောက်လမ်းကြောင်းများကို သတိထားအသုံးပြုကြရန်နှင့် အ ပြင်ထွက်ပါက မည်ကဲ့သို့သွား သည်ဆိုသည်ကို အသိပေးကြရန်လည်း ကြေညာချက်ထုတ်ပြန် ထားသည်။

ထို့အပြင် ဝါရှင်တန်ဒီစီရှိ မြေအောက်ဘူတာရုံများထဲတွင် အထုပ်တစ်ထုပ်တွေ့ရသည်ဆို သည့် သတင်းကြောင့် ရထားများ နှင့် ဘူတာများ၌ လုံခြုံရေးအရာရှိများကို အထူးများပြားစွာ နေရာ ချထားသည်။ သူတို့အနေဖြင့် မသင်္ကာစရာ အထုပ်အပိုးများ တွေ့ပါက ခရီးသည်များကို လုံခြုံ ရေးအရာရှိများက ခေါ်ယူစစ် ဆေးမည်ဟုလည်း ဝါရှင်တန်မြို့ တွင်း သွားလာရေးအာဏာပိုင် အဖွဲ့က သတိပေးထားပါသည်။

‘‘အရင်ကထက် နေရာ တကာအစောင့်တွေ မြင်နေရ တော့တစ်မျိုးပေါ့။ ကောင်းပါ တယ်။ သတိဆိုတာ ပိုတယ်မရှိပါ ဘူး။ ကျွန်တော်ကတော့ သိပ် မကြောက်လှပါဘူး။ ကံပါပဲ။ ဒါပေမဲ့ ဒီမှာက တစ်ခုခုဆိုရင် သက်ဆိုင်ရာက အကုန်တာဝန်ယူ တာဆိုတော့ ကြုံလာရင်လည်း အစိုးရလုံခြုံရေးအရာရှိတွေ ညွှန် ကြားသလို လုပ်သွားရမှာပေါ့’’ဟု ဗာဂျီးနီးယားပြည်နယ်မှ ဝါရှင် တန်ဒီစီသို့ နေ့စဉ်အလုပ်လာ ရောက်လုပ်ကိုင်သူ ကိုဝင်းထိန်က ပြောသည်။

ယင်းကဲ့သို့  ဖြစ်နေသည့် ကြား၌ ဝါရှင်တန်ဒီစီနှင့် ကပ် လျက်ရှိနေသည့် မေရီလန်းပြည်နယ်ဘော်လ်တီမိုးမှ လေဆိပ်တွင် ချီကာဂိုသို့ ပျံသန်းမည့် Spriitလေကြောင်း လိုင်းကလေယာဉ် ပေါ်၌ မသင်္ကာစရာ ခရီးသည် လေးဦးကို လေယာဉ်ပေါ်မှ ဖယ် ရှားခဲ့သည်ဆိုသည့် သတင်းကလည်း နံနက်ခင်းတွင် ရေဒီယိုများ ရုပ်သံများမှ အဆက်မပြတ်ကြား နေရသည်။   အဆိုပါခရီးသည်များမှာ အမျိုးသားသုံးဦး၊ အမျိုး သမီးတစ်ဦး ဖြစ်သည်။ သူတို့ကအရှေ့အလယ်ပိုင်းနိုင်ငံများက လေသံဖြင့် အင်္ဂလိပ်စကားပြော ကြားပြီး လေယာဉ်ခေါင်းခန်းဆီ သို့ ကျောပိုးအိတ်များလွယ်ကာ လျှောက်သွားခဲ့သည်ဟု မျက်မြင် သက်သေခရီးသည်များက တွစ် တာစာမျက်နှာတွင် ရေးသားကြ သည်။ ထို့အပြင် နေ့လယ်စာစား ချိန်တွင် ဝါရှင်တန်ဒီစီမြို့လယ် ကောင်နှင့် အလွန်နီးလှသည့် ရော်နယ်လ်ရေဂင်လေဆိပ်မှ အမေရိကန်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး၌လည်း ပုံစံမမှန်သည့် ခရီးသည်နှစ်ဦးကို ဖယ်ရှား ခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့် လေကြောင်းလိုင်းခရီးစဉ်များ နှောင့်နှေးခဲ့ရသည်ဟု သတင်း များက ဖော်ပြကြ၏။

ဝါရှင်တန်ဒီစီမြို့တော်ဝန် မြူရီယယ်လ်ဘောက်ဆာ၏ ပြော ရေးဆိုခွင့်ရသူ အမျိုးသမီးက ‘‘ဝါ ရှင်တန်ဒီစီမှာ လုံခြုံရေးတပ်ဖွဲ့ တွေ ထပ်တိုးချထားပါတယ်။ ကျွန်မတို့က ဝါရှင်တန်ဒီစီရဲ့ လုံခြုံရေးကို လိုအပ်သလို ဆောင် ရွက်လို့ရအောင် မြို့တွင်း၊ ဒေသ တွင်းက အစိုးရတာဝန်ရှိသူတွေ နဲ့ အနီးကပ်ဆောင်ရွက်နေပါ တယ်’’ဟု ပြောကြားကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ရေး သားထားသည်။

ဝါရှင်တန်ဒီစီသာမက နယူး ယောက်နှင့် ဆန်ဖရန်စစ္စကိုမြို့ များတွင်လည်း လုံခြုံရေးများ ယခင်ကထက်တိုးမြှင့်ချထားပြီး သတိရှိနေကြကြောင်း ရုပ်သံသတင်းများက ဖော်ပြကြသည်။ နယူးယောက်နှင့် နယူးဂျာစီပြည်နယ်များမှ ဒေသပို့ဆောင်ရေး အာဏာပိုင်များသည် တံတား များ၊ ရထားလမ်းများ၊ မြေ အောက်ဥမင် ကားလမ်းများနှင့် ကမ္ဘာ့ကုန်သွယ်ရေးစင်တာကဲ့သို့ နေရာများ၌ လုံခြုံရေးကိုတပ်လှန့် စောင့်ကြည့်နေကြသည်ဟု စီအင်န် အင်န်ရုပ်မြင်သံကြားသတင်းက ဆိုပါသည်။

အမေရိကန်အစိုးရထောက် လှမ်းရေးဌာန (FBI)ကမူ သူတို့ အနေဖြင့် ယနေ့အထိ အမေရိကန် နိုင်ငံကို ဦးတည်ခြိမ်းခြောက်ရန် ကြိုးစားလာသည့် အန္တရာယ်တစ် စုံတစ်ရာ မတွေ့ရှိရသေးဟု သတင်းဌာနများအား ပြောကြားခဲ့ သည်။

ယင်းကဲ့သို့လုံခြုံရေးအခြေ အနေကြားတွင် ဝါရှင်တန်ဒီစီမြို့ ပြဧရိယာတစ်ဝိုက်မှ လူအများစုက နေ့စဉ်ပုံမှန် လုပ်ရိုးလုပ်စဉ်များ ကို သွားလာလုပ်ကိုင်နေကြဆဲ ဖြစ်သည်။ ဆောင်းရာသီဝင် ရောက်လာ၍ နေရောင်ကို အတွေ့ရနည်းလာပြီး ညနေ ၄ နာရီဆို လျှင် အမှောင်ထုဖုံးကာ ညအ သွင်ဖြစ်လာနေ ပါသည်။

သူ့အနေဖြင့် သိပ်မကြောက် လှသော်လည်း ပါရီမြို့မှ တိုက် ခိုက်မှုသည်က ဇာတ်ရုံများ၊ စား သောက်ဆိုင် များတွင် ဖြစ်ပွားခဲ့သဖြင့် သည်ရက်ပိုင်းများ၌ အပြင် သိပ်ထွက်ဖြစ်မည်မဟုတ်ဟု ဒီစီမြို့သား ပက်ထရစ်ဘတ်တလာ က ပြောသည်။

‘‘ခါတိုင်း နေ့လယ်စာ ရုံးနား က စားသောက်ဆိုင်မှာ စားပေ မယ့် အခုတော့ အိမ်ကနေ တစ်ခု ခုယူလာပြီး ရုံးထဲမှာပဲ စားလိုက် တယ်။ ပြဇာတ်ရုံတွေ၊ ပွဲတွေသွား တာလည်း ရှောင်ထားတယ်။ ကျွန် တော့်ရဲ့ ကိုယ်ပိုင်လုံခြုံရေးအကြံ ပေး ကျွန်တော့်မိန်းမရဲ့ လမ်းညွှန် ချက်အတိုင်းပေါ့ဗျာ’’

7Day Daily 

No comments:

Post a Comment