Thursday 19 November 2015

အရက်ဖြတ်ဆေးဝါးဖြင့် ငုပ်နေသော HIV ပိုးကို ဖော်ထုတ်သတ်ဖြတ်နိုင်

အရက်ဖြတ်ရာတွင်အသုံးပြုရလေ့ရှိသော ဆေးဝါးတစ်မျိုးဖြစ်သည့် Antabuse သည် လူ့ ခန္ဓာကိုယ်ထဲတွင် ငုပ်လျှိုး ပုန်းကွယ်နေသည့် HIV ပိုးများကို ဖော်ထုတ်ကာ သတ်ဖြတ်နိုင်ရန် အထောက်အကူ ပြုနိုင် ကြောင်းကို သြစတြေးလျ သုတေသီများက အမှတ်မထင် ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။ 

Antabuse ကို Disulfiram အမည်ဖြင့်လည်း ထုတ်လုပ်ကြောင်း၊ HIV ကူးစက်ခံထားရသော လူနာ ၃၀ ဦးအား တိုက် ကျွေးခဲ့ကြောင်း၊ ၄င်းတို့ သည် ART ဆေးကို သောက်နေသူများဖြစ်ကြောင်း၊ Antabuse ကို အမြင့်ဆုံးပေးလိုက်သော အခါ ၄င်းတို့ ခန္ဓာကိုယ်ထဲရှိ ငုပ်လျှိုးပုန်းကွယ်နေသော HIV ပိုးများ ပြန်လည် သက်ဝင်လှုပ်ရှားထွက်ပေါ်လာပြီး ဆေး ပညာဖြင့် သတ်ဖြတ်နိုင်မည့် အနေအထားသို့  ရောက်ရှိ သွားကြောင်း သုတေသီများက ပြောသည်။ 

Antabuse တိုက်ကျွေးပြီး ငုပ်နေတဲ့ HIV ပိုးကို ပြန်ဖော်ပြီး သတ်ဖြတ်နိုင်တာကို သုတေသနပြု စမ်းသပ် အောင်မြင်ပြီး ပါပြီ။ ဒါဟာ HIV တိုက်ဖျက်ရေးမှာ အရေးပါတဲ့ မှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။ အခု HIV ထိုးဖောက်ဝင်ရောက်ပြီးဖြစ် တဲ့ ဆဲလ်တွေအားလုံးကို ဘယ်လိုသတ်လို့ ရနိုင်မလဲဆိုတာကို နည်းလမ်း ဆက်လက်ရှာဖွေနေပါတယ်ဟု သြစတြေးလျ နိုင်ငံ၊ မယ်လ်ဘုန်းမြို့ ၊ ကူးစက်ရောဂါတားဆီးကာကွယ် ထိန်းချုပ်ရေး ဌာန အကြီးအကဲ ဂျူလီယံအီလီရော့ က ပြောပြသည်။ 

ART ဆေး သောက်သူများတွင် HIV ပိုးသည် ငုပ်နေလေ့ရှိကြောင်း၊ ထို့ ကြောင့်ပင် AIDS ကို ကုသရာ တွင် အကြီးဆုံး အတားအဆီးတစ်ခု ဖြစ်နေကြောင်း၊ HIV/AIDS ကို စတင်တွေ့ ရှိခဲ့သော ၁၉၈၀ ပြည့် လွန်နှစ်များမှ ယနေ့ အချိန်အထိ တွင် လူပေါင်း ၃၄ သန်း သေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။ 

HIV ကို ART နဲ့  ထိန်းထားလို့ ရပါတယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းစာရင်းအရ ကမ္ဘာပေါ်မှာ ART သောက် နေရသူဦးရေ ၃၆ ဒသမ ၉ သန်း ရှိခဲ့ပါတယ်။ နှစ်စဉ် HIV လူနာသစ်တိုးတဲ့နှုန်းက ၂ သန်းဖြစ်ပါတယ်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

Lashio News Diary 

No comments:

Post a Comment