Wednesday 27 May 2015

သောက်ရေကန်ကြောင့် ဖြစ်ပွားသည့် လူသတ်မှုဖြစ်စဉ် နောက်ဆက်တွဲဖမ်းဆီးမှုများပြုလုပ် မဘသအဖွဲ့က ဖမ်းဆီးခံရသူများ ပြန်လည်လွှတ်ပေးရန် တောင်းဆို


ဒလမြို့နယ် ရှမ်းစုကျေးရွာအုပ်စု ဓနိတောကျေးရွာ၌ ရေ ကန်နှင့် မြေပိုင်ဆိုင်မှု အငြင်းပွား မှုပြဿနာကြောင့် လူတစ်ဦးသေ ဆုံးခဲ့၍ ဖြစ်စဉ်တွင်ပါဝင်သော ယင်းကျေးရွာရှိ ရွာသား ၂၇ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ကျန်ရှိသည့် ရွာသားများကိုလည်း မေလ ၂၅ ရက်က ထပ်မံဖမ်းဆီးမှုများပြုလုပ်နေသောကြောင့် ၎င်းတို့သည် ရွာအတွင်းမနေရဲဘဲ ဘုန်းကြီးကျောင်း၌ ခိုလှုံနေကြောင်း သတင်းရရှိသည်။

ဒလမြို့နယ်ရှိ ဓနိတောကျေး ရွာတွင် ဧပြီ ၂၇ ရက်က ရေကန်နှင့်လယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာ မှ တစ်ရွာတည်းနေထိုင်သူချင်း စကားများခဲ့သည်။ ထို့နောက် အမျိုးသား ၂၇ ဦးက မိသားစုတစ် စု၏ အိမ်ပေါ်သို့ တက်ကာ ရိုက်နှက်ခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံး ပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဧပြီ ၂၇ ရက်တွင် အငြင်းပွားမှုဖြစ်ပွားနေသော ရွာရေကန်သို့ အမျိုးသမီးတစ်ဦးက ရေခပ်သွား ရာ ရေကန်ကို ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့် ဘာသာခြား တစ်ဦးက ရေလာခပ်သည့် အမျိုး သမီးကို လေးခွဖြင့်ပစ်ရာမှ ကျေးရွာရှိ ရွာသားများက မကျေနပ်၍ အဆိုပါဘာသာခြားအိမ်သို့ သွားရောက်ဆဲဆိုခဲ့သည်။
ထို့နောက် ယင်းအိမ်ကို ခဲ၊ တုတ်များဖြင့် ပစ်ပြီး အိမ်ရှိလူများ ကိုပါ ရိုက်နှက်သောကြောင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရခဲ့သည်။ အိမ်ပေါ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် အသက် (၂၇) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် အိမ်ပေါ်မှ ကားလမ်းဘက်သို့ ထွက်ပြေး ခဲ့သည်။ ထွက်ပြေးသူနောက်သို့ လိုက်ကာ လူအုပ်စုက လယ်ကွင်း ဘက်သို့ ဆွဲခေါ်သွားခဲ့သည်။ မိသားစုဝင်များက သွားကြည့်ရာ လယ်ကွင်းအတွင်း ဒဏ်ရာများ နှင့် သေဆုံးနေကြောင်း တွေ့ခဲ့ရ သဖြင့် ပြစ်မှုကျူးလွန်ခဲ့သူ အမျိုး သား ၂၇ ဦးကို အရေးယူပေးရန် သေဆုံးသူဘက်က ပျော်ဘွယ်ကြီး တိုက်နယ်ရဲစခန်းသို့ တိုင်ကြားခဲ့ သည်။
ထိုသို့ တိုင်ကြားမှုကြောင့် ဒလမြို့နယ် ပျော်ဘွယ်ကြီးတိုက် နယ်ရဲစခန်းက ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၀၂/၄၅၂/၃၂၅/၃၂၄/၃၃၆/ ၄၂၇/၂၉၄/၁၁၄ ဖြင့် အမှုဖွင့် အရေးယူကာ ပြစ်မှုကျူးလွန်သူ များကို ဖမ်းဆီးစစ်ဆေးနေ ကြောင်း သတင်းရရှိသည်။
ထိုသို့စစ်ဆေးနေစဉ် ကျန် ရှိသော ရွာသားများမှာလည်း အမှုတွင် ပါဝင်သည်ဟုဆိုကာ မေလ ၂၅ ရက် ညနေတွင် ပျော်ဘွယ်ကြီးရဲတပ်ဖွဲ့က ကျေးရွာရှိ အမျိုးသားသုံးဦးနှင့် အမျိုးသမီး ၁၂ ဦးကို လာရောက်ဖမ်းဆီးခဲ့သည်။ ရွာသားများကို ဖမ်းဆီးမှု များ ထပ်မံပြုလုပ်သောကြောင့် မဘသဆရာတော်ကြီးများလာ ရောက်၍ ဖြေရှင်းပြောဆိုသဖြင့် အဆိုပါ ၁၅ ဦးကို ည ၉ နာရီတွင် ပြန်လည်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။ ယင်းသို့ ဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ဓနိတောကျေးရွာရှိ ရွာသားများသည် ၎င်းတို့၏ နေအိမ်များတွင် မနေရဲဘဲ ရွာရှိဘုန်းကြီးကျောင်း၌ ခိုလှုံနေရကြာင်း ရွာဦးကျောင်း ဆရာတော် ဦးဇောတိကက မိန့်ကြား သည်။
‘‘အရင်ကလည်း အမှုမှာပါ လို့ဆိုပြီး ရွာသား ၂၇ ဦးကို ဖမ်းဆီးထားတယ်။ အဲဒါ မနေ့ကလည်း ဘာဖမ်းဝရမ်းမှ မပါဘဲ အမျိုးသမီးတွေရော ထပ်ပြီးဖမ်းသွားတယ်။ အဲဒါနဲ့ ဆရာတော်တွေက လိုက် သွားပြီး ဖြေရှင်းပေးရတယ်။ အဲဒီ လို လိုက်မသွားရင် တစ်ခါတည်း အရေးယူခံရမှာ။ အခု ရွာသားတွေက ရွာထဲမှာ မနေရဲတော့ဘူး။ ဘုန်းကြီးကျောင်းမှာ လာနေနေတယ်။ ဘုန်းကြီးကပဲ ကျွေးထားရတယ်’’ ဟု ဆရာတော် ဦးဇောတိကက ဆက်လက်မိန့်ကြားသည်။
ရွာသားများကို ဖမ်းဆီးမှု များနှင့် ပတ်သက်၍ ပျော်ဘွယ် ကြီး တိုက်နယ်ရဲတပ်ဖွဲ့စခန်းမှူးရဲ အုပ် မြစိုးထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြား ခြင်း မရှိပေ။
‘‘သေသွားတဲ့သူကို သတ်တဲ့ ထဲမှာပါတာကလည်း သုံးယောက်လောက်ပါပဲ။ စဖမ်းတုန်းက ပါတဲ့ သူတွေရော၊ အော်ပြီးပြောတဲ့သူ တွေရော ပြောပါ သက်သေခံအ ဖြစ်နဲ့ပဲ ခေါ်မှာပါလို့ပြောပြီး ဖမ်း သွားတာ။ စခန်းရောက်တော့ အ ကုန်လုံး ပုဒ်မတွေတပ်လိုက်တာ ပဲ။ အခုလည်း အမှုမှာပါတယ်ဆို ပြီး လာဖမ်းပြန်တယ်။ တစ်ရွာလုံး ကို လိုက်ဖမ်းနေတဲ့ သဘောပဲ’’ဟု ဖမ်းဆီးခံရွာသားများအား ကူညီ ပေးနေသော ကိုနေမင်းနွယ်က ပြောသည်။
ဓနိတောကျေးရွာတွင် အိမ် ခြေ ၃၁ လုံးရှိပြီး လူဦးရေ ၁၀၀ ခန့်ရှိကြောင်း သတင်းရရှိသည်။
မေလ၂၅ရက်ညနေက ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ရွာသူ၊ရွာသားများကိုတွေ့ရစဉ် (ဓာတ်ပုံ−ဉာဏ်သွေးသစ်)
7Day Daily

No comments:

Post a Comment