Wednesday 27 May 2015

လှိုင်သာယာရှိ ကလေးငယ်သုံးပုံနှစ်ပုံ အိမ်တွင်းအကြမ်းဖက်မှုခံနေရ

လှိုင်သာယာမြို့နယ်တွင် ဆော့ကစားနေသော ကလေးငယ်များ (ဓာတ်ပုံ−ယမင်း)
လှိုင်သာယာမြို့နယ်ရှိ ကလေးငယ်သုံးပုံနှစ်ပုံမှာ မိဘများ၏ကာကွယ်စောင့်ရှောက်မှု မရရှိဘဲ အိမ်တွင်း အကြမ်းဖက်ခံရမှု၊ ကလေးလုပ်သားအဖြစ် ခိုင်းစေမှုနှင့် ခေါင်းပုံဖြတ်ခံရမှုများရှိနေကြောင်း သတင်း ရရှိသည်။

အဆိုပါမြို့နယ်တွင် ရွှေ့ ပြောင်းအလုပ်သမားများပြားလာမှုကြောင့် လူနေထူထပ်လာခြင်း နှင့် ဆင်းရဲ မွဲတေ မှုများကြောင့် ကလေးသူငယ်များမှာ မိဘများ နှင့်အတူ နေထိုင်ခွင့်မရရှိဘဲ အရွယ်မတိုင်မီ လုပ်သား အဖြစ် စေခိုင်းခံရခြင်းများရှိနေခြင်းနှင့် မိသားစုများက ကလေးသူငယ်များအပေါ် အိမ်တွင်းအကြမ်းဖက် မှုများရှိနေကြောင်း ယင်းမြို့နယ်ရှိ ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးအဖွဲ့အစည်းများက ပြော သည်။

‘‘သုံးပုံ နှစ်ပုံလောက်က အန္တ ရာယ်ရှိတဲ့အဆင့်မှာ ကျရောက် နိုင်မယ့် အခြေအနေရှိတယ်။ မိထွေး ပထွေး တွေကနေ အိမ်တွင်း အကြမ်းဖက်မှုတွေရှိတယ်။ ဆင်းရဲကျပ်တည်းကြတော့ မိဘတွေက အလုပ်ထွက်လုပ် ကြတယ်။ မိုးလင်းကနေ မိုးချုပ်ထိကို ကလေးတွေနဲ့ အတူတူမနေနိုင်ဘူး။ ပစ် ထားတယ်။ အဲဒီတော့ ကလေး တွေက ဖြစ်ချင်တိုင်းတွေ ဖြစ်ကုန် ကြရော။ လိင်အကြမ်းဖက်မှုတွေ တောင် ရှိနေတယ်’’ လှိုင်သာယာ မြို့နယ် (၁၅)ရပ်ကွက်မှ ကလေး သူငယ်ကာကွယ်စောင့်ရှောက် ရေးဥက္ကဋ္ဌ ဦးထွန်းလှိုင်က ပြော သည်။

ယင်းမြို့နယ်ရှိ ရပ်ကွက် တစ်ခုတိုင်းတွင် ကလေးသူငယ် နှင့်ပတ်သက်၍ ပြဿနာများဖြေ ရှင်းပေးရမှုမှာ တစ်လလျှင် ၁၀ ခုမှ ၁၅ ခုခန့် ရှိနေပြီး အဖြစ်များဆုံး အမှုများမှာ ကလေးလုပ်သား အ ဖြစ် စေခိုင်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုများ ဖြစ် သည်။

ထို့ပြင် လိင်အကြမ်းဖက်ခံရမှု၊ လူကုန်ကူးမှုများမှာလည်း တစ်လလျှင် နှစ်မှုမှ သုံးမှုကြားရှိနေကာ ကော်ရှူ သူများလည်းရှိပြီး ဖြစ်ပွားသူအများစုမှာ ၁၀ နှစ် အောက် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။

‘‘အခုနောက်ပိုင်းမှာ ဒီပြဿနာတွေ ရောက်လာတယ်။ ရပ်ရွာထဲမှာ ကလေးတွေကို အကြမ်းပတမ်း ရိုက်နှက်တာတွေရှိတယ်။ လက်ဖက်ရည်ဆိုင်တွေမှာ၊ စက်ရုံတွေမှာ ကလေးတွေရှိတယ်။ ပြီးတော့ တစ်နေ့ကို ရှစ်နာရီလောက် လုပ်နေရတော့ အလုပ်ချိန်က လည်း ရှည်လျားတယ်။ အမှန်က တစ်နေ့ကို လေးနာရီလောက်ပဲ လုပ်သင့်တာ။ အဓိက ကတော့ မိဘတွေအသိပညာရှိဖို့လိုတယ်။ ၁၄ နှစ်မပြည့်ခင် အလုပ်မလုပ် ခိုင်းပါနဲ့။ တတ်နိုင်သမျှ ကျောင်းထားပါ။ ကျောင်းပြင်ပရောက်သွားရင် ဒုက္ခမျိုးစုံ ဖြစ်သွားနိုင် တယ်’’ဟု Save the Children မှ ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဒေါ်သန္တာကျော် က ပြောသည်။

လှိုင်သာယာမြို့နယ်တွင် လူ ဦးရေ ခြောက်သိန်းကျော်နေထိုင် ပြီး ၎င်းတို့အနက် ကလေးသူငယ် ဦးရေမှာ နှစ်သိန်းခန့် (သုံးပုံ တစ်ပုံ)ရှိကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment