Wednesday 27 May 2015

အတိုးနှုန်းမြင့်သည့် တရုတ်အကြွေး အစိုးရတွင် အများဆုံးရှိနေ

ကြွေးမြီများကို အချိုးချလျှင် နိုင်ငံသားတဦးလျှင် အကြွေး ၅ သိန်းစီ တင်နေသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာအစိုးရက နိုင်ငံတကာသို့ ပေးရန်ရှိနေသော ကြွေးမြီများတွင် တရုတ်နိုင်ငံသို့ ပေးရန်ရှိသည့် အတိုး နှုန်းမြင့် ကြွေးမြီက အများဆုံး ဖြစ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အချက်အလက်များအရသိရသည်။

အစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းများအရ နိုင်ငံတကာသို့ ပေးရန် တင်ရှိနေသည့် ကြွေးမြီပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၂၄ ဘီလီယံရှိပြီး ထိုပမာဏအတွင်းမှ တရုတ်နိုင်ငံသို့ ပေးရန်ရှိသည်မှာ ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံး မှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက ပြောသည်။

၎င်းက “တရုတ်နိုင်ငံကို ပေးရမယ့် ကြွေးမြီက အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံပါ။ အတိုးနှုန်း ကတော့ အမျိုးမျိုး ကွဲပြားပါတယ်။ အနည်းဆုံး ၂ ရာခိုင်နှုန်းကနေ အများဆုံး ၅ ရာခိုင်နှုန်းအထိ ရှိပါတယ်” ဟု ပြောသည်။

မေလ ၂၆ ရက်နေ့က နေပြည်တော်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မီဒီယာများ တွေ့ဆုံစဉ် ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မြန်မာအစိုးရက ပေးစရာရှိနေသည့် ကြွေးမြီများတွင် ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများသို့ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၉၄ ဘီလီယံ၊ ကမ္ဘာ့ဘဏ်သို့ ဒေါ်လာ ၈၁၁ ဒသမ ၇၈၇သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်သို့ ဒေါ်လာ ၅၄၆ ဒသမ ၃၄၃ သန်းတို့ ရှိနေကြောင်း သိရသည်။

ယင်းအကြွေးများနှင့် ပတ်သတ်သော အတိုးနှုန်းတွင် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းမှာ လက်ရှိအတိုးမဲ့ဖြစ်ပြီး ၀န် ဆောင်ခ ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ယူသကဲသို့ အာရှဖွံ့ဖြိုးရေးဘဏ်သည်လည်း အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ယူကြောင်း၊ တရုတ်အတိုးနှုန်းမှာ အများဆုံး ဖြစ်နေကြောင်း ဦးမောင်မောင်ဝင်းက ပြော သည်။

၎င်းက “တရုတ်အတိုးနှုန်းက လက်ရှိအမြင့်ဆုံးပါပဲ။ ဖွံ့ဖြိုးရေးချေးငွေနဲ့ ကော်မာရှယ် ချေးငွေဆိုပြီး ရှိတဲ့ နေရာမှာ တရုတ်က ကော်မာရှယ်ချေးငွေ ယူရတာပါ” ဟု ပြောသည်။

အတိုးနှုန်းမြင့်သည့် တရုတ်ချေးငွေနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်များ၊ လွှတ်တော် ကိုယ်စား လှယ်များက ဝေဖန်မှုများ ရှိနေသော်လည်း တရုတ်ချေးငွေက ယခုအချိန်အထိ အများဆုံးသာ ဖြစ်လျှက် ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ယခင် စစ်အစိုးရလက်ထက်က ကျန်ရှိခဲ့သော နိုင်ငံတကာ ကြွေးမြီပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၈၄ ဘီလီယံအထိ ရှိခဲ့သည်ဟု ၂၀၁၂ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ဖူးပြီး ထိုစဉ်က တရုတ်နိုင်ငံသို့ ပေးရန်ရှိခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ဖြစ်သည်။

အစိုးရက ယခင်အကြွေးများနှင့် ပတ်သက်၍ ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများသို့ ပေးရန်ရှိသည်များကို တ၀က် နီးပါး လျှော်ပစ်နိုင်ခဲ့ခြင်း၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးရန်ရှိသော အကြွေးများကိုလည်း ဂျပန်နိုင်ငံကဝင်၍ ဖြေရှင်းကာ ကြွေးသစ် ပြန်လည်ယူခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပြီး ယခုတင်ရှိနေသည့် နိုင်ငံ တကာအကြွေး ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလီယံမှာ ယင်းဖြစ်စဉ်များအပြီး ပြန်လည်တင်ရှိလာသော ပမာဏဖြစ်သည်။

လက်ရှိအစိုးရတွင် ယင်းသို့ နိုင်ငံတကာ အကြွေးသာမက ပြည်တွင်း အကြွေးမှာလည်း ကျပ်ငွေ ၁၀ ဒသမ ၆၁၇ ထရီလီယံ (ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) အထက်တွင် ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာနက မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ယင်းသို့ နိုင်ငံတကာ ပြည်ပကြွေးမြီ၊ ပြည်တွင်း ကြွေးမြီများနှင့် ပတ်သတ်၍ ပြည်သူ့လွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးငွေတိုးက အစိုးရတွင် ယခုလက်ရှိနှင့် ထပ်တိုးလာရန်ရှိသည့် ကြွေးမြီ များ စုစုပေါင်းဆိုလျှင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ (ကျပ်ငွေ ၂၅၀၀၀ ဘီလီယံ) ကျော် ရှိမည်ဖြစ် ကြောင်း၊ ထိုကြွေးမြီများကို နိုင်ငံလူဦးရေ ၅၁ သန်းကျော်နှင့် အချိုးချလျှင် နိုင်ငံသားတဦးတွင် ကြွေးမြီကျပ် ၅ သိန်းနီးပါး တင်ရှိနေကြောင်း လွှတ်တော် အစည်းအဝေးတခုတွင် ပြောဆိုခဲ့ဖူးသည်။

ဧရာဝတီ

No comments:

Post a Comment