Wednesday 27 May 2015

ကလေးစစ်သား အသုံးပြုနေတဲ့ ‘၀’ အဖွဲ့ကို ဘယ်လို အရေးယူမလဲ ?


ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာကပါ အလေးထားဆောင်ရွက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် အသုံးချတာဟာ လူ့အခွင့် အရေးချိုး ဖောက်တာဖြစ်သလို ကလေးတွေရဲ့ အနာဂတ်အတွက်လည်း ဆိုးကျိုးတွေ သက်ရောက်နေတဲ့ အတွက် လက်မခံနိုင်တာ ဖြစ်ပါတယ်။ အဲဒီကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (Unicef ) က ဖြေရှင်း ဆောင်ရွက်ပေးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးကို စံနမူနာပြအဖြစ် အစိုးရတပ်က အသက်မပြည့်တဲ့ စစ်မှုထမ်းတွေကို မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံမှု၊ တားဆီးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ဟာလည်း ကလေးစစ်သား အသုံးပြုနေတယ် ဆိုပြီး Unicef က ဖော်ပြထားပါတယ်။

အဲဒီလို ဖော်ပြခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ KIA၊ DKBA ၊ KNU၊ KNLA-PC၊ KNPP၊ RCSS/SSA၊ UWSA စတဲ့ အဖွဲ့တွေ ပါဝင်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ ‘ ၀ ’ အဖွဲ့ရဲ့ ကလေးစစ်သား အသုံးပြုမှုဟာ Unicef က လာရောက် စစ်ဆေးတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။ အရင်ကတည်းက ကလေးစစ်သားတွေကို အသုံးပြုနေတဲ့ ‘၀’ အဖွဲ့အနေနဲ့ ဘယ်လိုပဲ နှုတ်ဆိတ်နေပါစေ၊ အခုလို Unicef အဖွဲ့ လာချိန်မှာတော့ ကလေးစစ်သား အသုံးပြုပါတယ်ဆိုပြီး ၀န်ခံလိုက် ရပြီ ဖြစ်ပါတယ်။
“ ဒီလ ၂၂ ရက်နေ့တုန်းက ပန်ဆန်းမှာ Unicef နဲ့ ‘၀’ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်၊ ကလေးစစ်သား အသုံးပြုတဲ့ ကိစ္စပေါ့၊ ‘၀’ အဖွဲ့က ဘယ်လိုမှ ညာလို့မရမှန်းသိလို့ ၀န်ခံလိုက်တာပါ၊ အဲဒီကလေးစစ်သား တွေကို အစိုးရတပ်က လုပ်တဲ့ပုံစံမျိုး မိဘတွေဆီ ပြန်အပ်ပေးဖို့ လိုတယ် ” ဟု တရုတ် - မြန်မာ နယ်စပ်မှ ‘၀’ အရေး လေ့လာစောင့်ကြည့်သူ သတင်းထောက်တစ်ဦးက ဆိုပါတယ်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ‘၀’ အဖွဲ့ရဲ့ ပြေရေးဆိုခွင့်ရှိသူ အောင်မြင့်က Unicef က ပန်ဆန်းဒေသက တပ်ဖွဲ့ကို လေ့လာတယ်။ ကလေးစစ်သားကိစ္စဆွေးနွေးဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့အဖွဲ့မှာ ၁၈ နှစ် မပြည့်တဲ့ ကလေးစစ်သားတွေ ရှိနေတယ်။ ‘၀’ တပ်ဖွဲ့ထဲက ကလေးစစ်သားတွေကို ထုတ်ပယ်ဖို့ ကိစ္စက တစ်မိနစ် နှစ်မိနစ်နဲ့ ဆွေးနွေးဖို့ မလွယ်ဘူး။ ဒေသဖွံ့ဖြိုးရေး စီးပွားရေး မိသားစုတွေ နေထိုင်တဲ့ဘ၀တွေ ရှိတယ်။ ဒါကြောင့် ဒီကိစ္စကို လွယ်လွယ်နဲ့ တစ်ခွန်း နှစ်ခွန်းပြောပြီး ဖြေရှင်းရမယ့် ကိစ္စမဟုတ်ဘူးဆိုပြီး သတင်းမီဒီယာ တစ်ခုကို ၀န်ခံပြောကြားသွားတာ တွေ့ရပါတယ်။
‘၀’ အဖွဲ့က ကလေးစစ်သားအသုံးပြုကြောင်း ၀န်ခံလိုက်ပြီးနောက် မြန်မာနိုင်ငံအစိုးရအနေနဲ့ရော Unicef လို အဖွဲ့အစည်းတွေကလည်း ဒေသခံ ‘၀’ ကလေးငယ်တွေ အမြန်ဆုံးလွတ်မြောက်ရေး ‘၀’ အဖွဲ့ကို ဖိအားပေး သင့်ကြောင်း၊ ကလေးစစ်သားအသုံးပြုမှု အပေါ်တွင်လည်း ‘၀’ အဖွဲ့ကို ထိရောက်ပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်သင့် ကြောင်း ကလေးစစ်သားအသုံးပြုခံရတဲ့ မိသားစုဝင်အချို့က ပြောဆိုနေကြ ပါတယ်။
“ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ပညာသင်ခိုင်းတယ်၊ ကလေးတွေရဲ့ အနာဂတ်က မျှော်လင့်ချက် မဲ့သွားတဲ့ သဘောပဲလေ၊ Unicef အနေနဲ့ကလည်း ‘၀’ ဒေသက ကလေးစစ်သားကိစ္စ ချက်ချင်းဖြေရှင်းပေးဖို့ လိုတယ်၊ ဒီဒေသမှာ အရွယ်မရောက်ဘဲနဲ့ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ထောင်ချီရှိနေတယ် ” ဟု ဒေသခံ ဆရာမတစ်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု အမှန်တကယ် ပပျောက်ရေးအတွက် လက်တွေ့လုပ်ငန်းစဉ် ဖော်ဆောင်ရေး သဘောတူညီမှု ( Plan of Action ) ကို ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံတို့ ၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီ Plan of Action ဆိုတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ အရ ကလေးသူငယ်အခွင့်အရေးများအပေါ် ကြီးလေးသော ချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ ( Country Task Force on Monitoring and Reporting – CTFMR ) ကို ပေါ်ပေါက်လာစေပြီး ကမ္ဘာတစ်ဝှမ်းက ကလေးစစ်သားနဲ့ အရွယ်မရောက်သေးတဲ့ စစ်မှုထမ်းများအတွက် အကာအကွယ်ပေးဖို့ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
“ Unicef က ‘၀’ အဖွဲ့နဲ့ ကလေးစစ်သားကိစ္စဆွေးနွေးခဲ့တယ်လို့သာပြောတယ်၊ ဘာ Action မှ မယူခဲ့ဘူး၊ CTFMR လို အဖွဲ့ကလည်း ‘၀’ ဒေသမှာ စစ်သားအဖြစ် အသုံးချခံနေရတဲ့ ကလေးတွေ လွတ်မြောက်ရေး အကာအကွယ် ပေးသင့် တာပေါ့၊ အစိုးရတပ်က အသက်မပြည့်တဲ့စစ်မှုထမ်းတွေ ပြန်လွှတ်တုန်းက ILO နဲ့ ICRC တို့ရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှု တွေ ပါတယ်၊ အခုလည်း ‘၀’ ဒေသက ကလေးစစ်သားတွေ လွတ်မြောက်ဖို့ ဖြေရှင်းဆောင်ရွက်ပေးရမှာပေါ့၊ အောင်မြင့်ပြောသလို တစ်မိနစ် နှစ်မိနစ်နဲ့ ဖြေရှင်းလို့မရဘူးဆိုတဲ့ စကားကို လက်မခံနိုင်ဘူး၊ အခုချက်ချင်း ကလေးတွေကို မိဘတွေဆီ ပြန်အပ်ခိုင်းရမယ် ” ဟု ဥပဒေပညာရှင်ကြီး တစ်ဦး ကလည်း ပြောပါတယ်။
‘၀’ ဒေသတွင် ကလေးစစ်သားအဖြစ် အသုံးပြုခံနေရသော ကလေးငယ်များမှာ အသက် ၈ နှစ်မှ ၁၀ နှစ်အတွင်း သာရှိသေးကြောင်း၊ စစ်ပညာများကို ပင်ပန်းဆင်းရဲစွာ သင်ကြားရပြီး အစားအသောက်များကို ၀လင်စွာ မစားရ သဖြင့် အဟာရချို့တဲ့ကာ ပိန်လီသေးကွေးလာသည်ကို မြင်ရတဲ့ မိဘများမှာ စိတ်ထိခိုက်နေကြရကြောင်း၊ ‘၀’ အဖွဲ့မှ အကြောက်တရားဖြင့် လွှမ်းမိုးထားသဖြင့် ဒေသခံများမှာ ၎င်းတို့၏ သားသမီးများအား ကလေးစစ်သား အဖြစ် အသုံးပြုမှုကို မပြောရဲကြကြောင်းနှင့် ‘၀’ အဖွဲ့ရဲ့ ကလေးစစ်သားအသုံးပြုမှုကို အချိန်မီ ကာကွယ် တားဆီး ဖြေရှင်းပေး စေလိုကြောင်း ကလေးစစ်သားအဖြစ် အသုံးပြုခံရတဲ့ ‘၀’ ကလေးငယ်တွေရဲ့ မိဘအုပ်ထိန်းသူတွေက လိုလားနေ တယ်လို့လည်း သိရပါတယ်။
လင်းသန့်

No comments:

Post a Comment