Wednesday 27 May 2015

ကဘူးလ် ဧည့်ဂေဟာတစ်ခုကို စီးနင်းရန် ကြိုးစားသည့် တာလီဘန်များကို လုံခြုံရေးတပ်ဖွဲ့ သုတ်သင်

အာဖဂန်နစ္စတန် နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ ဧည့်ဂေဟာတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့် တာလီဘန် အကြမ်းဖက်သမား လေးဦးကို လုံခြုံရေး တပ်ဖွဲ့များက သုတ်သင်ခဲ့ကြောင်း သိရှိရသည်။

ကဘူးလ်ရှိ သံတမန် အသိုက်အဝန်းများ အဓိက ကျင်လည်သော ရပ်ဝန်းတစ်ခုဖြစ်သည့် ဝါဇာအက္ကဘာခန်း ရပ်ကွက်ရှိ ဧည့်ဂေဟာတစ်ခုကို တာလီဘန်တို့က စီးနင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို အပြီးသတ် သုတ်သင်နိုင်ရန် ခြောက်နာရီကြာ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။



 မေ ၂၆ ရက် ညပိုင်းက စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မေ ၂၇ ရက် နံနက် အစောပိုင်းတွင် ဧည့်ဂေဟာကို လုံခြုံရေး တပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်သမားများသည် RPG ပခုံးထမ်းလောင်ချာတစ်လက်နှင့် အခြားလက်နက်များကိုပါ သယ်ဆောင်လာကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာသည်။

ယခုဖြစ်ရပ်အတွင်း လုံခြုံရေး တပ်ဖွဲ့များနှင့် အရပ်သားများ ထိခိုက်သေကြေသည့် သတင်းမျိုး ထွက်ပေါ်လာခြင်း မရှိချေ။ တာလီဘန်တို့က အဆိုပါ တိုက်ခိုက်မှုကို မိမိတို့ စီမံကြိုးကိုင်ကြောင်း အတည်ပြုခဲ့သည်။

“အကြမ်းဖက်သမား လေးယောက်ပါ။ တစ်ယောက်က RPG လောင်ချာ သယ်လာတယ်။ ပြီးတော့ AK-47 မောင်းပြန်ရိုင်ဖယ် သုံးလက်ရယ်၊ ဗုံးပစ်လောင်ချာ တစ်လက်ရယ်ပါ သိမ်းဆည်းရမိတယ်။ အကြမ်းဖက်သမား အားလုံးကို သုတ်သင်နိုင်ခဲ့ပါတယ်”ဟု ဒုတိယ ပြန်ကြားရေးဝန်ကြီး မိုဟာမက် အေယွတ်ဘ် ဆာလန်ဂီက Twitterတွင် ရေးသားခဲ့သည်။

ယခု တိုက်ခိုက်ခံရသည့် ဧည့်ဂေဟာသည် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အလားတူ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုနှင့် ကြုံခဲ့ဖူးသည့် Heetal ဧည့်ဂေဟာ နေရာပင်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်မူ Rabbani ဧည့်ဂေဟာဟု အမည်ပြောင်းလဲထားသည်။

အဆိုပါ ဧည့်ဂေဟာသည် နိုင်ငံခြား ခရီးသွားများ အဓိက ဝင်ထွက်သွားလာရာ နေရာဖြစ်ပြီး လက်ရှိ အာဖဂန် နိုင်ငံခြားရေးဝန်ကြီး ဆာလာဟူဒင် ရာဘာနီ၏ မိသားစု ပိုင်ဆိုင်မှုကြောင့်လည်း လူသိများသည်။

ဟိုတယ်မန်နေဂျာ ဖြစ်သူက တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ဧည့်သည်အားလုံး လုံခြုံသည့် နေရာသို့ ခိုလှုံနိုင်ခဲ့ပြီး တစ်စုံတစ်ဦးမျှ အထိအခိုက် မရှိခဲ့ဟု AFPသို့ ပြောကြားခဲ့သည်။ “အဆောက်အအုံ ဖွဲ့စည်းပုံက အကောင်းဆုံး ခံတပ်တစ်ခုလိုပါပဲ။ ပထမဆုံး ပေါက်ကွဲသံ တစ်ခုနှစ်ခု ကြားမိတာနဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေးတွေက တိုက်ခိုက်ရေးသမားတွေကို တုံ့ပြန် ပစ်ခတ်တော့တာပဲ။ သူတို့တွေ လုံးဝ အထဲဝင်လို့ မရပါဘူး”ဟု ၎င်းက ဆိုသည်။

ဧည့်ဂေဟာ၏ စည်းရိုးတစ်ဝိုက်တွင် အပျက်အစီးများ ရှိခဲ့သော်လည်း သေနတ်သမားများ အဆောက်အအုံထဲ ဝင်နိုင်လောက်သည်အထိ အထမမြောက်ခဲ့ချေ။ ထို့နောက် လုံခြုံရေး တပ်ဖွဲ့များ ရောက်လာချိန်တွင်မူ တာလီဘန် အကြမ်းဖက်သမားများနှင့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ အာဖဂန် လုံခြုံရေး တပ်ဖွဲ့များသည် အနီးအနားရှိ အထပ်မြင့် အဆောက်အအုံများတွင် နေရာယူခဲ့သလို သံချပ်ကာယာဉ်များကို အသုံးပြုပြီး ၎င်းတို့ကို ထွက်ပေါက်ပိတ်အောင် ဝန်းရံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရဲများသည် ၎င်းတို့၏ လှုပ်ရှားမှုများကို တာလီဘန်တို့ မတွေ့မြင်နိုင်စေရန်အတွက် အနီးရှိ လမ်းမီးများကိုပါ ပစ်ခွဲခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ တိုက်ပွဲဖြစ်ပွားရာ နေရာသည် တာဂျစ်ကစ္စတန် သံရုံးနှင့် နီးကပ်စွာ ရှိနေကြောင်းလည်း သိရှိရသည်။

လွန်ခဲ့သည့် ၂ ပတ်က ကဘူးလ်ရှိ ဧည့်ဂေဟာ တစ်ခုတွင် ဖျော်ဖြေပွဲတစ်ခု ကျင်းပမည့် အချိန်ကို လူအများ စောင့်ဆိုင်းနေချိန်၌ တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့သည်။ တာလီဘန်တို့သည် ပုံမှန်အားဖြင့် နွေရာသီတွင် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လေ့ရှိပြီး ယခုနှစ် အစောပိုင်း ၄ လအတွင်း အာဖဂန်တွင် အကြမ်းဖက်မှုများကြောင့် သေဆုံးသူ အရပ်သား အရေအတွက် ၃၀၀၀ နီးပါး ရှိလာကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

_Ref: CNA

No comments:

Post a Comment